ကပ်ဘေးအတွင်း အမေရိကန်ပြည်ထောင်စုရှိ အကြီးဆုံး ဘဏ်ကြီးများအနေဖြင့် ငွေကြေးဆုံးရှုံးမှု စုစုပေါင်း ဒေါ်လာ ၇၀၀ ဘီလျံ ထိရှိလာနိုင်မည်ဟု အမေရိကန် ဗဟိုဘဏ်က သတိပေးပြောကြားခဲ့သည်။
ဗဟိုဘဏ်က ဆက်လက်၍ ဘဏ်များအနေဖြင့် ကြုံလာရမည့် အန္တရာယ်မှ ဘေးကင်းစေရန် ငွေလက်ဝယ်ရှိနေရန်လိုအပ်မည်ဟု ဆိုသည်။
ထို့ကြောင့် အနည်းဆုံး အောက်တိုဘာလအထိ ရှယ်ယာများကို ပြန်လည်ဝယ်ယူခြင်းကိစ္စများ၊ အမြတ်ငွေ ထုတ်ပေးမည့်ကိစ္စများကို တားမြစ်ထားသည်ဟု ထုတ်ပြန်ခဲ့သည်။
ယခုအချိန်ထိ ဘဏ်များအနေဖြင့် နိုင်ငံ၏ အားအဖြစ် ရှိနေသော်လည်း တာဝန်ရှိသူများက မသေချာမရေရာမှုများ မြင့်မားနေမှုကို ထောက်ပြပြောဆိုထားသည်။
Federal Reserve (ဗဟိုဘဏ်) မှ ဒုတိယဥက္ကဌဖြစ်သူ Randal Quarles က ယနေ့ ကြေငြာချက်သည် အမေရိကန်နိုင်ငံ၏ အားလည်းဖြစ်သလို မရေရာမှုအတိုင်းအတာမြင့်မားလာသည့် ဘဏ်စနစ်ကိုလည်း ဝန်ခံသိရှိရမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
ထိုသို့ သတိပေးထုတ်ပြန်မှုတွင် ပြီးခဲ့သည့် ၂၀၀၈ ဘဏ္ဍာရေး ပျက်ကပ်ဖြစ်ပြီးနောက်ပိုင်း ဗဟိုဘဏ်မှပြုစုထားသော စီးပွားရေးကျဆင်းမှုများအတွက် ဖြစ်လာမည့် အခြေအနေများအပေါ် ခံနိုင်ရည်ရှိမရှိစစ်ဆေးသည့် Stress Tests ၏ ရလဒ်များလည်း ပါဝင်သည်ဟု သိရသည်။
Stress Tests များသည် ဘဏ္ဍာရေးစနစ်၏ အားနည်းချက်များ မည်သည့်နေရာတွင် ဖြစ်ပေါ်မည်ကို ခန့်မှန်းသည် လေ့လာဆန်းစစ်ချက်လည်း ဖြစ်သည်။
ကွန်ပျူတာအခြေခံတွက်ချက်သော ထို Stress Tests လုပ်ဆောင်ရာမှ ရရှိသည့် အချက်များတွင် အမေရိကန်ပြည်ထောင်စုအတွင်းရှိသော အကြီးဆုံး ဘဏ်ကြီး ၃၃ ခုသည် အလုပ်လက်မဲ့နှုန်း ၁၉.၅% သို့ ရောက်ရှိပါက အကြီးအကျယ်ထိခိုက်မှု စတင်မည်ဟု သိရသည်။
ဗဟိုဘဏ်၏ Board Of Governors အဖွဲ့ဝင်ဖြစ်သူ Lael Brainard ကမူ ဗဟိုဘဏ်အနေဖြင့် အမေရိကန်ဘဏ်များကို ထိထိရောက်ရောက် ကာကွယ်မှု မလုပ်ရသေးကြောင်းပြောကြားခဲ့သည်။
စီးပွားရေးပညာရှင်တစ်ဦးလည်းဖြစ်သူ Lael သည် သူမအနေဖြင့် ဗဟိုဘဏ်သည် ရှယ်ယာအမြတ်ပေးရေးအစီအစဉ်များကို တားမြစ်ခြင်း၊ ဆုံးရှုံးနိုင်ချေပမာဏများကို တွက်ချက်ပေးခြင်းသာမက အရင်းအနှီးများလည်း ခွဲဝေထုတ်ပေးသင့်ကြောင်း ပြောကြားခဲ့သည်။
ယခု လက်ရှိအခြေအနေသည် ဗဟိုဘဏ်၏ Stress Test မှ ရလဒ်များအရ ဘဏ်များအနေဖြင့် အဆိုးဆုံးကြုံရမည်မှာ ပမာဏကြီးမားသော ချေးငွေများ ဆုံးရှုံးရနိုင်ခြေဖြစ်သည်။
ကြွေးဆုံးပမာဏများကြောင့် မပြိုလဲသွားရန် ဘဏ်များ၌ သင့်လျော်သော ငွေပမာဏရှိရန် လိုအပ်မည်ဖြစ်သည်။
နောက်ဆုံး တောင့်ခံနိုင်မည့် အလုပ်လက်မဲ့နှုန်းမှာ ၁၉.၅% ဖြစ်ပြီး ဧပြီလတွင် အလုပ်လက်မဲ့နှုန်း ၁၄.၇% ရှိရာမှ မေလတွင် ၁၃.၃% သို့ ပြန်လည်လျော့ကျနေသည်။
သို့သော်လည်း ထိုအချက်အလက်များမှာ ပြုပြင်ဖန်တီး ညှိယူထားခြင်းများဟူသော ဝေဖန်ချက်များလည်း ထွက်ပေါ်နေသည်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: BBC Business, Investopedia, Bloomberg, The Wall Street Journal, Photo: Insider