0

နိုင်ငံရေးနှင့်ပါတ်သက်သောကြော်ငြာများကို ပိတ်ပင်ရန် ဖေ့ဘုတ်စဉ်းစားနေ

Share

ယခုနှစ်ကုန်ပိုင်းတွင် အမေရိကန်ပြည်ထောင်စု၌ ရွေးကောက်ပွဲကျင်းပမည်ဖြစ်ပြီး လစဉ် အသုံးပြုသူဦးရေ ၂.၆ ဘီလျံ ခန့်ရှိသော Facebook တွင် နိုင်ငံရေးနှင့် ပါတ်သက်သော ကြော်ငြာများကို ပိတ်ပင်ခြင်းများ ပြုလုပ်သွားရန် စဉ်းစားနေသည်ဟု ဘလွန်းဘာ့ သတင်းဌာန (Bloomberg) က ပြီးခဲ့သည့် သောကြာနေ့က ထုတ်ပြန်ခဲ့သည်။

ယခုဆုံးဖြတ်ချက်သည် Facebook ကုမ္ပဏီအနေဖြင့် အသစ်စဉ်းစားထားသော အရာတော့ မဟုတ်ချေ။

ဖေ့ဘုတ်၏ အမှုဆောင်အရာရှိ မက် ဇကာဘက် က နိုင်ငံရေးနှင့်ပါတ်သက်သော ကြော်ငြာများကို တားမြစ်ပိတ်ပင်သွားရန် ယခင်ကလည်း စဉ်းစားခဲ့ဖူးပြီး မလုပ်ဖြစ်ခဲ့ခြင်းမှာ ရွေးကောက်ပွဲဝင် အမတ်လောင်းတို့၏ အကြောင်းများကို လူအများထံသို့ ရောက်ရှိမှု လျော့နည်းသွားမည်စိုး၍ ဖြစ်ကြောင်း ပြောကြားထားသည်။

အဆိုပါ ဆုံးဖြတ်ချက်နှင့်ပါတ်သက်၍ ဖေ့ဘုတ်မှ ပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ်က မှတ်ချက် တစုံတရာပေးရန် ငြင်းဆန်ခဲ့သည်။

ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက ဂျော့တောင်းတက္ကသိုလ်တွင် မက်ဇကာဘတ် မိန့်ခွန်းပြောကြားခဲ့သေးရာ “ကျွန်တော်တို့က နိုင်ငံရေးနဲ့ ပါတ်သက်တဲ့ ကြော်ငြာတွေကို အချက်အလက် စစ်ဆေးတာတွေ မလုပ်ပါဘူး။ ဒီလို မလုပ်တာကလည်း နိုင်ငံရေးသမားတွေကို ကူညီဖို့ မဟုတ်ပဲ၊ လူတွေအနေနဲ့ နိုင်ငံရေးသမားတွေ ဘာတွေပြောနေကြလည်းဆိုတာကို သူတို့ဟာသူတို့ ဆန်းစစ်နိုင်ဖို့ပါ” ဟု ပြောကြားခဲ့သည်။

“ပြီးတော့လည်း သူတို့ တင်ပြတဲ့ အကြောင်းအရာတွေက စောင့်ကြည့်ရကျိုးနပ်တာတွေဖြစ်မယ်ဆိုရင် ဖေ့ဘုတ်က ပြဌာန်းထားတဲ့ စံသတ်မှတ်ချက်တွေနဲ့ မညီညွတ်ရင်တောင် ကျွန်တော်တို့က အဲ့ဒီလိုဟာတွေကို ဖြုတ်ချမှာ မဟုတ်ပါဘူး” ဟု ဆိုသည်။

Facebook ကို စစ်ဆေးရန် ဖွဲ့စည်းထားသည့် Civil Rights Lawyers ကြားနေ အဖွဲ့အစည်းသည် ၎င်းတို့ စစ်ဆေးရန် ကိစ္စများကို ယခုအပတ်အတွင်း အပြီးသတ်နိုင်ခဲ့သည်ဟု သိရသည်။

ဂျော့တောင်း တက္ကသိုလ်တွင် ပြောကြားခဲ့သည့် စကားများကြောင့် မက်ဇကာဘတ်၏ ဖေ့ဘုတ်သည် ပိုမို လွတ်လွတ်လပ်လပ်ရေးသားဖေါ်ပြခြင်းများကိုသာ ဦးတည်နေကြောင်း စစ်ဆေးရေးအဖွဲ့မှ တာဝန်ရှိသူများက ဆိုသည်။

စစ်ဆေးရေးအဖွဲ့သားများအနေဖြင့် ထိုစကားများက ကောင်းမွန်သည်ဟု မထင်ကြောင်းပြောကြားခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်များအတွင်း Starbucks, Coca-Cola အပါအဝင် ကုမ္ပဏီပေါင်း ၁၀၀၀ ကျော်က ဖေ့ဘုတ်တွင် ကြော်ငြာများ မထည့်သွင်းရန် သပိတ်မှောက်ခဲ့ကြသည်။

Facebook အနေဖြင့် အမုန်းစကားနှင့် ပါတ်သက်သော ကိစ္စများကို ဖြေရှင်းနိုင်သည့် အခြေအနေများ မရှိဟု ယခုတိုင် သတ်မှတ်ထားကြသည်။
နိုင်ငံရေးနှင့် ပါတ်သက်သော posts များ ရေးတင်ခြင်းနှင့် ပါတ်သက်၍ Facebook ထံ report (ပေးပို့၍) ဖြုတ်ချခိုင်းခြင်းများကို အများဆုံး ရင်ဆိုင်နေရပြီး နိုင်ငံရေးသမားများ၏ ကြော်ငြာများကို ဆင်ဆာဖြုတ်ရန်၊ ပယ်ဖျက်ရန်နှင့် တားမြစ်ရန် တောင်းဆိုခြင်းများလည်း ခံနေရကာ လူအများဆုံးရည်ရွယ် report လုပ်ခံရသူမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဖြစ်သည်။

အခြား လူမှုမီဒီယာတစ်ခုဖြစ်သော Twitter သည် နိုင်ငံရေးနှင့် ပါတ်သက်သော မက်ဆေ့ချ်များ၊ တင်ပြချက်များသည် လူအများကြိုက်၍ လက်ခံမှသာ နာမည်ကြီးလာသင့်ပြီး ကြော်ငြာပြုလုပ်၍ (ပိုက်ဆံသုံး ဝယ်ယူ၍) မသင့်သော ကိစ္စဟု သတ်မှတ်ကာ ယမန်နှစ်ကတည်းက နိုင်ငံရေးကြော်ငြာများကို တားမြစ်ပိတ်ပင်ခဲ့ပြီးဖြစ်သည်။

 

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Fox Business, Financial Times, US Election 2020 Data Google
Image: CNET

 

%d bloggers like this: