ဗီယက်နမ်ကမ်းလွန်တွင် လေအားလျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းအကောင်အထည်ဖော်ရန်အတွက် ဒေါ်လာသန်းချီ၍ ရင်းနှီးမြှပ်နှံမှုများ ပြုလုပ်သွားရန် ဥရောပကုမ္ပဏီအချို့က မျက်စိကျလျက်ရှိကြောင်း သတင်းအရင်းအမြစ်များက ဆိုသည်။
ကမ္ဘာ့ဘဏ်၏အဆိုအရ ဗီယက်နမ် ကမ်းရိုးတန်းရှိ လူနေထူထပ်သော နေရာများအနီးတွင် ကမ်းလွန်ရေတိမ်ဒေသတစ်ခုရှိပြီး လေတိုက်နှုန်းမှာလည်း လေအားလျှပ်စစ်ထုတ်လုပ်ရန်အတွက် လုံလောက်သောကြောင့် အဆိုပါနေရာကို စိတ်ဝင်စားလျက်ရှိခြင်း ဖြစ်နိုင်ကြောင်း သိရသည်။
အမည်မဖော်လိုသည့် သတင်းအရင်းအမြစ် သုံးခု၏ အဆိုအရ တရုတ်တွင် လေအားလျှပ်စစ်သုံး ဒလက်များ၊ ဂျင်နရေတာများနှင့် တာဘိုင်အုံများ ထုတ်လုပ်သည့် စက်ရုံ တည်ထောင်ထားသော ဒိန်းမတ်ကုမ္ပဏီ Vestas က အဆိုပါ စီမံကိန်းအတွက် ထိပ်ဆုံးက စိတ်ဝင်စားသူအဖြစ် ရှိနေကြောင်း သိရသော်လည်း Vestas ကမူ တစုံတရာ အတည်ပြုရန် ငြင်းဆိုထားသည်။
လက်ရှိတွင် ကုမ္ပဏီအချို့က ဖြစ်နိုင်ဖွယ်ရာရှိသည့် နေရာများကို လေ့လာလျက်ရှိသော်လည်း ဗီယက်နမ်အာဏာပိုင်များ၊ စက်မှုဇုန်တာဝန်ရှိသူများနှင့် ဆွေးနွေးမှုမှာ ကနဦးအဆင့်သာရှိနေပြီး ရင်းနှီးမြှပ်နှံမှု ပြုလုပ်လိုသော ကုမ္ပဏီများအနေဖြင့် ဗီယက်နမ်အာဏာပိုင်များ၏ ကမ်းလွန်လေအားလျှပ်စစ်ထုတ်လုပ်မှု နည်းဥပဒေတစ်ခုခု အတည်ပြုထွက်ရှိလာရန် စောင့်စိုင်းလျက်ရှိကြသည်။
ဗီယက်နမ်အစိုးရအနေဖြင့် ကမ်းလွန်လေအားလျှပ်စစ်ထုတ်လုပ်မှုများကို နိုင်ငံ၏ အနာဂတ်စွမ်းအင် စီမံကိန်းများတွင် ထည့်သွင်းတွက်ချက်ထားသော်လည်း လက်ရှိအချိန်အထိ တိကျသည့် နည်းဥပေဒတစ်ခုခုကို အတည်ပြုပေးရန် ကြန့်ကြာလျက်ရှိပြီး မည့်သည့် စီမံကိန်းမှ အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးပါ။
အထူးသဖြင့် စီမံကိန်း စတင်ရန် အတည်ပြုပြီးပါက ဝင်ရောက်ရင်းနှီးမြှပ်နှံမည့် ကုမ္ပဏီများတွင် တရုတ်ကုမ္ပဏီများလည်း ပါဝင်လာမည်ဖြစ်ပြီး လေအားလျှပ်စစ် တာဘိုင်များကို အသုံးပြု၍ နိုင်ငံအတွင်း ထောက်လှမ်းရေးလုပ်ဆောင်ကာ လုံခြုံရေးကျိုးပေါက်မည်ကို ဗီယက်နမ်အာဏာပိုင်များက စိုးရိမ်မကင်းဖြစ်လျက်ရှိသည်။
ထိုကဲ့သို့ လုံခြုံရေး စိုးရိမ်မကင်းမှုများအပြင် အဆင့်ဆင့်အတည်ပြုရန် ကြန့်ကြာမှုများကြောင့် လာမည့် ၂၀၃၀ခုနှစ်၌ ကမ်းလွန်လေအားလျှပ်စစ်မှနေ၍ လျှပ်စစ်ဓါတ်အား ၇ ဂစ်ဂါဝပ် ထုတ်လုပ်ရန် ရည်မှန်းထားသည့် ဗီယက်နမ်အစိုးရ၏ ရည်မှန်းချက်မှာ ယခုအချိန်အထိ စလုံးရေ စနိုင်ခြင်း မရှိသေးပါ။
သို့သော်လည်း ဥရောပ ရင်းနှီးမြှပ်နှံသူများနှင့် ဗီယက်နမ်နိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂကုန်သည်ကြီးများ အသင်းတို့၏ ဖိအားပေး တိုက်တွန်းမှုများကြောင့် ဗီယက်နမ် တာဝန်ရှိသူများအတွင်း ကောင်းမွန်သည့် အရွေ့များ ရှိလာနိုင်သော်လည်း ယခုနှစ် အောက်တိုဘာ မတိုင်ခင်အထိတော့ မထူးခြားနိုင်သေးကြောင်း သက်ဆိုင်ရာ သတင်းအရင်းအမြစ်များက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: Reuters, Nikkei Asia
Photo: Global Wing Energy Council