ဥရောပ တဝှမ်းရှိ ကားတပ်ဆင်ရေးနှင့် ကားအင်ဂျင်ထုတ်လုပ်သည့် စက်ရုံများ စုစုပေါင်း ၂၉၈ ရုံသည် ပြီးခဲ့သည့် မေ ၆ ရက်နေ့၊ ဗုဒ္ဓဟူးနေ့က ပြန်လည် လည်ပတ်ခဲ့သည်ဟု ဥရောပ မော်တော်ယာဉ်ထုတ်လုပ်ရေး အသင်း ACEA က ထုတ်ပြန်ခဲ့သည်။
အဆိုပါစက်ရုံများမှ မော်တော်ကား၊ ကုန်တင်ယာဉ်၊ ဘတ်စ်ကားများ ထုတ်လုပ်လျက်ရှိပြီး ၁၉၆ ရုံသည် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအတွင်း တည်ရှိကြောင်းသိရသည်။
ယခု ထုတ်ပြန်ထားသော အချက်အလက်များအရ ဥရောပတိုက်တခွင်ရှိ ကားထုတ်လုပ်ရေးလုပ်ငန်းခွင်၏ အခြေအနေကို မြင်နိုင်ကြောင်း၊ ဥရောပ၏ ကြီးမားသော စီးပွားရေးပြန်လည် ရှင်သန်ရန်အတွက် ကိုဗစ်ကာလအပြီး လုပ်ငန်းများ ပြန်လည်လုပ်ဆောင်နိုင်မှုက အသက်တမျှအရေးပါကြောင်း ACEA ၏ ညွှန်ကြားရေးမှူးချုပ် Eric-Mark Huitema က ပြောကြားခဲ့သည်။
ပြီးခဲ့သည့် မတ်လလယ်မှ စ၍ ကိုဗစ်ကပ်ဘေးကြောင့် ကားထုတ်လုပ်ရေးနယ်ပယ်တွင် အကြီးအကျယ်ထိခိုက်မှုများရှိခဲ့ပြီး စက်ရုံများကို ၂၉ ရက်ကြာမျှ ပိတ်ထားခဲ့ရသည်။
ထိုသို့ ပိတ်ထားရစဉ်ကာလအတွင်း ကားထုတ်လုပ်နိုင်စွမ်း အစီးရေ ၂.၃ သန်းခန့် ဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။
စက်ရုံအနည်းငယ်ခန့်သည် ပြန်လည်ဖွင့်လှစ်စဉ်ကာလတွင် ထုတ်လုပ်ရေး လုပ်ငန်းခွင် နှေးကွေးနေမှုများ ရှိသော်လည်း အသွားအလာ ကန့်သတ်မှုများ မလုပ်မီအချိန်ကကဲ့သို့ပင် ကောင်းမွန်စွာ လည်ပတ်လျက်ရှိသည်ဟု သိရသည်။
Eric-Mark က ၎င်းတို့အနေဖြင့် ယာဉ်ထုတ်လုပ်နိုင်စွမ်း အပြည့်အဝ ပြန်လည်ရရှိသည့်အချိန်ရောက်နိုင်ရန်၊ မော်တော်ယာဉ်ထုတ်လုပ်သည့် လုပ်ငန်းများ၊ ကုန်ကြမ်းသွင်းသည့် လုပ်ငန်းများ အချင်းချင်း ပူးပေါင်းဆောင်ရွက်ကြရန် လိုကြောင်း ပြောကြားခဲ့သည်။
ထို့ကြောင့် ဥရောပသမဂ္ဂကိုလည်း ကားထုတ်လုပ်ရေးလုပ်ငန်းခွင်တစ်ခုလုံးကို ကူညီထောက်ပံ့ရန်၊ လုပ်ငန်းခွင်ကိစ္စများ၊ ရင်းနှီးမြှုပ်နှံမှုများနှင့်ပက်သက်၍ ကူညီရန် တောင်းဆိုထားသည်ဟု ဆိုသည်။
ဝယ်လိုအား ပြန်တက်လာရန်နှင့် အရောင်း အေးနေသော အဓိက ဈေးကွက်ကြီးများ၏ အခြေအနေကို သုံးသပ်ရန်၊ သမဂ္ဂမှ ငွေထုတ်ဝယ်ယူပေးမည့် ဘဏ္ဍာရေး အကူအညီ Stimulus Package များကိုလည်း လိုအပ်မည်ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Orio Economics
Source: EU Business, NY Times