0

အမ်းမရိတ်လေကြောင်းလိုင်းက ဖျက်သိမ်းလိုက်သည့် ခရီးစဉ်တွေအတွက် ပြန်အမ်းငွေ အစား ခရီးသွားဘောက်ချာ လက်ခံရန်တိုက်တွန်း

Share

          ကမ္ဘာ့အကြီးဆုံးလေကြောင်းလိုင်းတွေထဲက တစ်ခုဖြစ်တဲ့ ယူအေအီးနိုင်ငံအခြေစိုက် အမ်းမရိတ်လေကြောင်းလိုင်းဟာ သူ့ရဲ့ဖျက်သိမ်းလိုက်ရတဲ့ ခရီးစဉ်တွေအတွက် ခရီးသည်များအနေနဲ့ ပြန်အမ်းငွေအစား ခရီးသွားဘောက်ချာကို လက်ခံသင့်ကြောင်း လေကြောင်းလိုင်း တာဝန်ရှိသူတွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ယူအေအီးနိုင်ငံဟာ Covid-19 ကြောင့် နိုင်ငံအတွင်းကလေဆိပ်တွေ အကုန်ပိတ်သိမ်းဖို့ ကြေငြာပြီးတဲ့နောက်မှာ အမ်းမရိတ်လေကြောင်းလိုင်းဟာလည်း ခရီးစဉ်တွေအကုန် နားလိုက်ရပါတော့တယ်။ EU ရဲ့ စည်းမျဉ်းစည်းကမ်းတွေအရဆိုရင်တော့ ဥရောပနိုင်ငံတွေမှာ လေကြောင်းခရီးစဉ်ဖျက်သိမ်းရင် တစ်ပတ်အတွင်း လက်မှတ်ဖိုးငွေအပြည့်ပြန်အမ်းရမယ်ဆိုပြီး ပါရှိနေတာပါ။
          ဒါပေမဲ့ အမ်းမရိတ်လေကြောင်းလိုင်းရဲ့ တာဝန်ရှိသူတွေကတော့ ခုချိန်ခါက အရင်လို ခရီးစဉ် တစ်ကြောင်း၊ နှစ်ကြောင်းလောက်ဖျက်သိမ်းတာမျိးမဟုတ်ဘဲ ခရီးစဉ်အကုန်နားလိုက်ရတဲ့အတွက် ပြန်အမ်းငွေပေးဖို့အတွက် လုပ်ဆောင်ရမဲ့ ကိစ္စတွေပိုဝန်ပိပါတယ်။ ခရီးသည်တွေ အကုန်မနစ်နာရအောင်တွက်ချက်ရတဲ့အတွက် အချိန်လည်းပိုယူရပါတယ် လို့ဆိုပါတယ်။ ဒါကြောင့် ခရီးသည်များအနေနဲ့ ခရီးသွားဘောက်ချာကိုသာ လက်ခံခဲ့မယ်ဆိုရင် အချိန်အများကြီးစောင့်စရာမလိုဘဲ အမ်းမရိတ်လေကြောင်းလိုင်းရဲ့ ဝက်ဘ်ဆိုဒ်မှာ မိမိတို့ ခုလက်ရှိလေယဉ်လက်မှတ်နဲ့ အလွယ်တကူလဲလှယ်လို့ ရနေပြီ ဆိုတာရယ်၊ ဒီခရီးသွားဘောက်ချာဟာ ၁နှစ် သက်တမ်းရှိပြီး သက်တမ်းကုန်သွားတဲ့အချိန်အထိ ပြန်အသုံးမပြုရသေးရင်တော့ ရုံးမှာ ငွေသားနဲ့ပြန်လဲလှယ်လို့ရတယ် ဆိုတဲ့အကြောင်း ပြောသွားပါသေးတယ်။
        နောက်ပြီး ခရီးသည်တွေအနေနဲ့ ခရီးသွားဘောက်ချာကို ၁နှစ်အတွင်း ကြိုက်တဲ့အချိန်မှာပြန်သုံးနိုင်ပြီး ခရီးသွားရာသီရောက်လို့ လက်မှတ်ခဈေးတက်ရင်တောင် အပိုငွေထပ်ပေးစရာမလိုပါဘူးတဲ့။ နောက်ပြီး လက်မှတ်ထဲက ခရီးလမ်းကြောင်းအတိုင်း မသွားချင်လို့ နိုင်ငံပြောင်းချင်ရင်လည်း သတ်မှတ်ထားတဲ့ ဇုံအတွင်းဆို ပြောင်းခွင့်ပေးမယ် လို့ပါပါတယ်။ ဒီတော့ ခရီးသွားကူပွန်ပဲ သိမ်းထားမယ်လို့ ဆုံးဖြတ်ပြီးရင် ခုချိန်မှာ စိတ်အေးလက်အေးသာနေပါတော့၊ နောက်တစ်ခေါက် ခရီးသွားဖြစ်တော့မယ်ဆိုမှ ကျွန်တော်တို့ကို ပြန်ဆက်သွယ်လိုက်ပါလို့ အမ်းမရိတ်လေကြောင်းလိုင်းရဲ့ ပြောရေးဆိုခွင့်ရအရာရှိက ပြောသွားခဲ့ပါတယ်။ သူကပဲထပ်ပြီး ခုလို လေကြောင်းလိုင်းတွေ စီးပွားရေးပျက်ကပ် ကြုံနေရတဲ့အချိန်မှာ ခရီးသွားတွေအနေနဲ့ ကုမ္ပဏီရဲ့အခက်အခဲကို နားလည် သည်းခံပေးကြမယ်လို့ မျှော်လင့်နေပါကြောင်းနဲ့ ပြန်အမ်းငွေမယူဘဲ ခရီးသွားကူပွန်ကို လက်ခံပေးတဲ့ ခရီးသည်တွေကိုလည်း ကျေးဇူးတင်ပါကြောင်း ပြောကြားသွားခဲ့ပါတယ်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source : Independent

Photo : emirates.com

%d bloggers like this: