Tesla ၏ CEO ဖြစ်သူ Elon Musk က Alamenda ကောင်တီအား တရားစွဲဆိုရန်ပြင်ဆင်နေပြီး ကုမ္ပဏီ ရုံးချုပ်အား ကယ်လီဖိုးနီးယားမှ ရွှေ့ပြောင်းရန်ရှိကြောင်း ပြီးခဲ့သည့် စနေနေ့က သူ၏ Twitter အကောင့်တွင် ရေးသားခဲ့သည်။
ပြီးခဲ့သည့် သောကြာနေ့တွင် Alameda ကောင်တီ၏ ပြည်သူ့ကျန်းမာရေးအရာရှိဖြစ်သူ Dr. Erica Pan က ကိုရိုးနားဗိုင်းရပ်စ်ပျံ့နှံ့မှုကို တားဆီးကာကွယ်ရန်အတွက် Tesla အနေဖြင့် စက်ရုံများပြန်လည်ဖွင့်လှစ်ခွင့်မရှိကြောင်း ပြောကြားခဲ့သည်။ Tesla ၏ ပင်မ ကားထုတ်လုပ်မှု စက်ရုံများသည် ကယ်လီဖိုးနီးယားပြည်နယ် Fremont တွင်တည်ရှိပြီး ဥရောပနှင့် မြောက်အမေရိကားအတွက် မော်တော်ကားများ ထုတ်လုပ်လျက်ရှိသည်။
Tesla က သူ၏စက်ရုံများပြန်လည် လည်ပတ်ဖို့ ဆိုင်းပြင်းနေပြီး Tesla ၏ ဝန်ထမ်းအလုပ်သမားများသည် အခြားကားစက်ရုံများကဲ့သို့ အလုပ်သမား သမ္မဂအောက်တွင် မရှိသောကြောင့် Tesla အနေဖြင့် လုပ်ငန်းများပြန်လည်စတင်ရန် ပိုမိုလွယ်ကူပုံရသည်။
Musk သည် စည်းမျဉ်းစည်းကမ်းများ တင်းကြပ်သော ကယ်လီဖိုးနီးယားတွင်ရှိသည့် ကုမ္ပဏီရုံးချုပ်အား တက်စ်စက် သို့မဟုတ် နီဗားဒါးပြည်နယ်သို့ ပြောင်းရွှေ့မည်ဖြစ်ကြောင်း ခြမ်းခြောက်ခဲ့သေးသည်။
“Tesla က Alameda County ကိုတရားစွဲဆိုဖို့ပြင်ဆင်နေပါပြီ။ ဘာမှ နားလည်မှုမရှိတဲ့ Alameda ရဲ့ကျန်းမာရေးအရာရှိက အစိုးရ၊ သမ္မတနဲ့ ဖွဲ့စည်းပုံလွတ်လပ်ခွင့်တွေကို လစ်လျူရှုပြီး ဖီလာဆန့်ကျင်နေတယ်” လို့ Musk က Pan အား ပုဂ္ဂုလ်ရေးတိုက်ခိုက်သည့် စာသားများဖြင့် Twitter ပေါ်တွင်ရေးသားခဲ့သည်။
“Tesla အနေနဲ့ကိုယ့်ဝန်ထမ်းတွေကို လုံခြုံမှု အပြည့်အဝ ဘယ်လိုပေးရမယ်ဆိုတာ ကျန်းမာရေးအရာရှိထက် အများကြီး နားလည်ပါတယ်လို့” ထပ်မံရေးသားခဲ့သည်။
Alameda ကောင်တီမှ ထုတ်ပြန်ချက်တွင် ကျန်းမာရေးစောင့်ရှောက်မှု အေဂျင်စီနှင့် ပြည်သူ့ကျန်းမာရေး ဌာနတို့သည် ကျန်းမာရေး လုံခြုံမှုရှိစေရန်အတွက် Fremont ရှိ Tesla နှင့်နီးကပ်စွာ အတူလက်တွဲအလုပ်လုပ်လျက်ရှိနေပြီး Tesla စက်ရုံဆီ အလုပ်လာကြရသည့် ဝန်ထမ်းများ၏ ကျန်းမာရေးကို စိုးရိမ်သောကြောင့် စက်ရုံပြန်ဖွင့်ခွင့်မပြုနိုင်ကြောင်း ကြေငြာခဲ့သည်။
“ဘာမှနားမလည်သော ကျန်းမာရေးအရာရှိ”ဟု Musk ၏ အစွပ်စွဲခံရသူ Dr. Pan သည် ပြည်သူ့ကျန်းမာရေးနှင့် ကူးစက်ရောဂါတွင် အတွေ့အကြုံများစွာရှိပြီး Tufts ဆေးကျောင်းမှ ဘွဲ့ရရှိခဲ့ကာ Alameda County ၏ ပြည်သူ့ကျန်းမာရေး ဌာနတွင် ပရောဖက်ဆာနှင့် ဆရာဝန်တဦးအဖြစ် တာဝန်ထမ်းဆောင်နေသူတဦးဖြစ်သည်။
ပြီးခဲ့သည့် စနေနေ့တွင် Musk က အခြားပြည်နယ်များရှိ Tesla ၏ပြိုင်ဖက်များသည် စက်ရုံများ ပြန်လည်ဖွင့်နေပြီဖြစ်သောကြောင့် ကောင်တီအား လျော်ကြေးပေးရန် တရားစွဲဆိုဖို့ သူ၏ ရှယ်ယာရှင်များအား တွန်းအားပေးခဲ့သည်။ ထို့ပြင် Tesla အနေဖြင့် တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင်ရှိသော Tesla ကားစက်ရုံများ၏ အတွေ့အကြုံများမှတဆင့် Covid-19 အားမည်ကဲ့သို့ခုခံကာကွယ်ရမည်ကို ကောင်းစွာသင်ယူခဲ့တာကြောင့် Tesla ကားစက်ရုံများကို အမြန်ဆုံး ပြန်လည်ဖွင့်ခွင့်ပေးသင့်ကြောင်း Musk ကဆိုသည်။
ရီပတ်ပလစ်ကန် အမတ်လောင်း Ted Cruz က “Texas ကိုလာပါ။ Texas မှာရုံးချုပ်ဖွင့်ဖို့ကြိုဆိုပါတယ်။ အလုပ်အကိုင်အများကြီးဖန်တီးပေးနိုင်ဖို့ မျှော်လင့်နေပါတယ်။ Texas မှာ ကားတွေ ကုန်တင်ကားတွေအများကြီးထုတ်လုပ်နိုင်ပါတယ်” လို့ Twitter တွင် ရေးသားခဲ့သည်။
ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: BBC Business, CNBC