ဒူဘိုင်းအခြေစိုက် အကြီးဆုံး Port Operator နဲ့ Logistic ကုမ္ပဏီဖြစ်တဲ့ DP World ဟာ ကိုရိုနာဗိုင်းရပ်ကြောင့် ဖြစ်လာမဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ရင်ဆိုင်ဖို့ အဆိုးဆုံးအခြေအနေထိ တွေးထားတယ်လို့ ဆိုပါတယ်။ ကမ္ဘာ့ကုန်သွယ်ရေးနဲ့ ကုန်စည်စီးဆင်းမှုဟာ ဒုတိယကမ္ဘာစစ်ဖြစ်ပြီးနောက်ပိုင်း အဆိုးဆုံးအခြေအနေဖြစ်လာပေမဲ့ နိုင်ငံပေါင်း ၅၄နိုင်ငံမှာ ဆိပ်ကမ်းနဲ့ ကုန်စည်စီးဆင်းမှုကို ကိုင်တွယ်နေတဲ့ DP World ကတော့ အမြတ်ငွေရသလောက်ထွက်အောင် အလုပ်လုပ်နေဦးမှာပါလို့ AFP နဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ DP World ရဲ့ သဘာပတိ ဆူလတန် အာမင်ဘင်ဆူလာယန်က ဖြေကြားသွားခဲ့ပါတယ်။
ဒူဘိုင်းအစိုးရပိုင် လုပ်ငန်းတွေထဲမှာ အမြတ်အစွန်းကြီးကြီးမားမား ရရှိနေတဲ့ ကုမ္ပဏီဖြစ်ပေမဲ့ DP World ဟာ တခြားလုပ်ငန်းခွဲတွေမှာလည်း ဒေါ်လာသန်းနဲ့ ချီပြီး ရင်နှီးမြုပ်နှံထားပါသေးတယ်။ နမူနာအနေနဲ့ပြောရရင်တော့ ဗြိတန်က P&O Ferries တို့၊ ချီလီက ဆိပ်ကမ်းတို့တွေ ပါပါတယ်။ ဒါပေမဲ့ ခုလိုမျိုး ကမ္ဘာ့ကုန်စည်စီးဆင်းမှုရဲ့ ၈၀ရာခိုင်နှုန်းလောက် ရပ်တန့်သွားအောင် ထိုးနှက်လိုက်တဲ့ ကပ်ရောဂါရဲ့လက်ချက်မှာတော့ ပြန်လည်ရုန်းထနိုင်ဖို့ တော်တော်ကြိုးစားရဦးမှာပါလို့ ဆူလတန် အာမင်က ပြောပါတယ်။
World Trade Organization ကတော့ ၂၀၂၀မှာ ကမ္ဘာ့ကုန်သွယ်ရေးဟာ ၁၃ကနေ ၂၃ရာခိုင်နှုန်းအထိထိုးကျဖို့ ရှိတယ်လို့ ခန့်မှန်းထားတာပါ။ DP World ရဲ့ ပထမ သုံးလပတ် စာရင်းချုပ်ရာမှာတော့ ကုမ္ပဏီလက်အောက်ရှိ ဆိပ်ကမ်းပေါင်း ၈၂ခုမှာ ကုန်စည်စီးဆင်းမှု ၄ရာခိုင်နှုန်းပဲ ကျဆင်းသွားတာကို တွေ့နေရပါတယ်။ ဆူလတန် အာမင်ကတော့ ဒီအချက်အလက်ကို အံသြမနေဖို့နဲ့ ဒီလောက်ပဲ ကျဆင်းသွားတဲ့အကြောင်းရင်းကတော့ အော်ဒါတွေ အကုန်လုံးက ကပ်ရောဂါမဖြစ်ခင်ကတည်းက တင်ထားလို့ပါလို့ ပြောပါတယ်။ ဒါပေမဲ့ နောက်လေးလကတော့ တကယ့်အခြေအနေမှန်ကို သိရမဲ့ အချိန်ပဲလို့ ဆက်ပြောပါသေးတယ်။
ဒီလိုမျိုး အခက်အခဲတွေ ရှိနေပေမဲ့လည်း ဒူဘိုင်းအစိုးရဆီကနေ ဘဏ္ဍာရေး အကူအညီကို ယူသွားမှာမဟုတ်ဘူးလို့ဆိုပါတယ်။ ဒါ့အပြင် DP World ဟာ ပင်လယ်ကွေ့ဒေသက တခြားလုပ်ငန်းကြီးတွေ ဖြစ်တဲ့ အမ်းမရိတ်လေကြောင်းလိုင်းတို့လို လစာလျှော့တာတွေ၊ ဝန်ထမ်းလျှော့တာတွေလည်း မလုပ်ခဲ့ပါဘူး။ DP World ဟာ ဝန်ထမ်းပေါင်း ၅သောင်းကျော်နဲ့ လည်ပတ်နေတဲ့ကုမ္ပဏီဖြစ်ပြီး မနှစ်ကဆို အမြတ်ငွေ ၄ရာခိုင်နှုန်းတက်လာတဲ့အနေနဲ့ ဒေါ်လာ ၁.၃၃ ဘီလီယံ အမြတ်ငွေရရှိခဲ့တာပါ။ ဒါ့မပြင် မနှစ်ကဆို သူ့ရဲ့ ဆိပ်ကမ်းတွေမှာ ကွန်တိန်နာပေါင်း ၇၁.၂သန်းကို ကိုင်တွယ်နိုင်ခဲ့ပြီး ကမ္ဘာ့ထိပ်တန်း ဆိပ်ကမ်းနဲ့ ကုန်စည်ပို့ဆောင်ရေး ကုမ္ပဏီ စာရင်းဝင်ခဲ့ပါတယ်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: The Bangkok Post
Photo: Seatarde Maritime