၂၀၂၀ရဲ့ ပထမ ခြောက်လမှာ အာရှဒေသတွင်း ပင်လယ်ဓါးပြမှုပေါင်း(၅၀) ခန့်ဖြစ်ပွားခဲ့ပြီး ပြီးခဲ့နှစ် အစောပိုင်းခြောက်လအတွင်း ဖြစ်ခဲ့တဲ့ (၂၅)မှုနဲ့ ယှဉ်မယ်ဆိုရင် နှစ်ဆခန့်ခန့်တက်လာခဲ့ပါတယ်။ ရေကြောင်းကုန်သွယ်မှုမှာ သင်္ဘောသွားလာမှု အများဆုံးဖြစ်တဲ့ စင်္ကာပူရေလက်ကြားမှာတော့ ဇန်နဝါရီကနေ ဇွန်လအတွင်း (၁၆)မှု ဖြစ်ခဲ့တာပါ။
အာရှဒေသတွင်း ပင်လယ်ဓါးပြနှင့် ရေကြောင်းလုယက်မှု နှိမ်နင်းရေး သဘောတူညီချက် (ReCAAP) အရဖွဲ့စည်းထားတဲ့ သတင်းအချက်အလက်ဖလှယ်ရေးစင်တာမှ ထုတ်ပြန်တဲ့ နှစ်ဝက်အစီအရင်ခံစာမှာတော့ တိုက်ခိုက်မှုတွေဟာ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နဲ့ တောင်တရုတ်ပင်လယ်ပြင်တို့မှာ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ ဒီ ReCAAP သဘောတူညီချက်ဟာ ၂၀၀၄ခုနှစ်မှာ အာရှဒေသက နိုင်ငံတွေအချင်းချင်း ပင်လယ်ဓါးပြနှိမ်နင်းရေးတွေမှာ ပူးပေါင်းဆောင်ရွက်နိုင်အောင် ရေးထိုးထားခဲ့တဲ့ သဘောတူညီချက်ဖြစ်ပြီး ပါဝင်တဲ့ နိုင်ငံပေါင်း (၂၀) ရှိကာ မြန်မာနိုင်ငံလည်း အဖွဲ့ဝင်နိုင်ငံ အနေနဲ့ ပါဝင်နေပါတယ်။
အပေါ်က ပြောခဲ့တဲ့ အမှု(၅၀)မှာမှ နိုင်ငံတကာရေပိုင်နက်မှာ ဖြစ်ပွားတာဆိုရင် ပင်လယ်ဓါးပြမှု (Piracy) အဖြစ်သတ်မှတ်ထားပြီး နိုင်ငံတစ်နိုင်ငံရဲ့ ပိုင်နက်ထဲမှာဖြစ်တာဆိုရင်တော့ လက်နက်ကိုင် လုယက်မှု (Armed Robbery) အဖြစ်သတ်မှတ်ထားပါတယ်။ ReCAAP သတင်းအချက်ဖလှယ်ရေးစင်တာရဲ့ ဒါရိုက်တာဖြစ်သူ မူဆာဖာမီ ကူရိုကီကတော့ ဒီလိုမျိုး ဖြစ်စဉ်တွေ ခပ်စိပ်စိပ်ဖြစ်လာတာ စိုးရိမ်ဖို့ကောင်းကြောင်းပြောပါတယ်။ တချို့ဖြစ်စဉ်တွေမှာဆိုရင် ဓါးပြတွေဆီကို တန်ဖိုးကြီးကြီးမားမား ပစ္စည်းတွေ ပါသွားခြင်းမရှိပေမဲ့ ဒီလိုမျိုး အမှုအခင်းငယ်လေးတွေကို နှိပ်ကွပ်မထားနိုင်ရင် တချိန်ချိန်မှာ ရာဇဝတ်မှု ကြီးကြီးမားမားတွေကို ပိုကျူးလွန်လာကြလိမ့်မယ်လို့ သူက သတိပေးထားပါသေးတယ်။
Tennessee-Knoxville တက္ကသိုလ်မှာ ပင်လယ်ဓါးပြအမှုတွေ အကြောင်း စာတမ်းပြုစုနေတဲ့ ဘရန်ဒန်ပရင်းကတော့ “အာရှမှာ ဖြစ်ပွားတဲ့ အမှုအခင်းတွေ တော်တော်များများမှာ ကျူးလွန်သူတွေဟာ ဌာနေ ငါးဖမ်းသမားတွေ ဖြစ်ကြပါတယ်။ ငါးဖမ်းလုပ်ငန်းတွေ အဆင်မပြေဖြစ်တဲ့အချိန်မှာ သူတို့ဟာ ပင်လယ်ကူးသင်္ဘောကြီးတွေကို ဓါးပြတိုက်ပြီး ရပေါက်ရလမ်း ရှာတတ်လာကြကုန်တာပါ။ ဆိုလိုချင်တာကတော့ အာရှရဲ့ နေရာတော်တော်များများမှာ လူငယ်တွေဟာ သမ္မာအာဇီဝနဲ့ လုပ်ကိုင်စားသောက်ဖို့ အတွက် အရမ်းကိုခက်ခဲနေပြီး အလွယ်လိုက်မိရာကနေ ဒီလိုမျိုး ဖြစ်စဉ်တွေ တိုးလာရတယ်လို့ပဲ ကျွန်တော်ဆိုလိုချင်ပါတယ်။ ဘာလို့လည်းဆိုတော့ တချို့ဖြစ်စဉ်တွေမှာဆိုရင် ဓါးပြတွေဟာ ဓါးတွေနဲ့ သင်္ဘောပေါ်တက်လာပေမဲ့ သိပ်အကြာကြီးမနေကြဘဲ တန်ဖိုးရှိမယ်ထင်တဲ့ ပစ္စည်းတစ်ခုခုကို ဆွဲယူပြီး ခပ်သွက်သွက် ပြန်ဆင်းသွားကြတာတွေ ရှိတယ်” လို့ မှတ်ချက်ပေးပါတယ်။
ဘရန်ဒန် ပရင်းပြောသလိုပဲ ခုလက်ရှိအာရှမှာ ဖြစ်တဲ့အမှုတွေဟာ လူသော်လည်းကောင်း၊ သင်္ဘောကိုသော်လည်းကောင်း ပြန်ပေးဆွဲသွားတာ မရှိသလောက်ဖြစ်ပြီး အများစုကတော့ သင်္ဘောပေါ်က ပစ္စည်းတွေ၊ ပိုက်ဆံတွေကို ယူပြီးပြန်ဆင်းသွားကြတာများပါတယ်။ ရှားရှားပါးပါး ဇန်နဝါရီတုန်းကတော့ မလေးရှားကမ်းခြေမှာ ပိုက်ဆွဲငါးဖမ်းသင်္ဘောက သင်္ဘောသား ၅ဦးကို ပြန်ပေးဆွဲခေါ်ဆောင်မှု ဖြစ်ပွားခဲ့ပြီး ခုလက်ရှိအချိန်အထိ သူတို့ကို ပြန်မကယ်ထုတ်နိုင်သေးပါဘူး။
International Maritime Bureau ရဲ့ထုတ်ပြန်ချက်အရ ၂၀၂၀ ဇန်နဝါရီကနေ ဇွန်လအတွင်း ပြန်ပေးဆွဲခံရသူ သင်္ဘောသားပေါင်း ၇၇ဦးရှိပြီး ၉၀ရာခိုင်နှုန်းလောက်က အာဖရိကအနောက်ပိုင်းမှာရှိတဲ့ ဂီနီပင်လယ်ကွေ့မှာ ဖြစ်ပွားခဲ့တာပါ။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: BBC News
Photo: NBC News