0

Covid-19 ကာလအတွင်း ဒစ်စနေးကုမ္ပဏီသည် ဝန်ထမ်း (၁)သိန်းကျော်ကို လစာဆက်လက်ပေးချေခြင်း မပြုရန်ဆုံးဖြတ်

Share

     ဒစ်စနေးကုမ္ပဏီဟာ ကမ္ဘာပေါ်မှာ မသိတဲ့သူမရှိလောက်အောင် အောင်မြင်နေတဲ့ ဖျော်ဖြေရေး ကုမ္ပဏီကြီးဖြစ်ပြီး သူတို့ ဖွင့်လှစ်ထားတဲ့ ဒစ်စနေး ဥယျာဉ်တွေဟာ အမေရိက၊ ဥရောပနဲ့ အာရှတလွှားမှာ လာရောက်လည်ပတ်သူတွေနဲ့ အမြဲစည်ကားနေခဲ့တာပါ။ ဒါပေမဲ့ ခုလို Covid-19 ကပ်ရောဂါစဖြစ်ချိန်မှာ သူတို့ရဲ့ ပန်းခြံတွေဟာ လူဝင်လူထွက်ပိတ်လိုက်ရတာကြောင့် တခြားလုပ်ငန်းတွေထက်စာရင် ထိပ်ဆုံးက အထိနာခဲ့တာဖြစ်ပါတယ်။ ခုဆိုရင် သူတို့ ကုမ္ပဏီဟာ ပန်းခြံတွေ၊ ဟိုတယ်တွေ ပိတ်ထားရလို့ အိမ်မှာ နေနေရတဲ့ ဝန်ထမ်း (၁)သိန်းကျော်ကို လစာဆက်လက်ပေးချေခြင်း ပြုတော့မှာ မဟုတ်ဘူးလို့ ကြေငြာသွားပါပြီ။ ဒီဆုံးဖြတ်ချက်ကြောင့် စီးပွားရေးအကြပ်အတည်းဖြစ်နေတဲ့ ဒစ်စနေးကုမ္ပဏီ အနေနဲ့ ဒေါ်လာ သန်း(၅၀၀) လောက်သက်သာ သွားမှာပါလို့ Finicial Time သတင်းစာကတော့ တွက်ပြထားပါတယ်။
     ဒစ်စနေးကုမ္ပဏီကတော့ ခုလို လစာပေးချေမှု ရပ်တန့်လိုက်တဲ့အတွက် လစာမဲ့ခွင့်တွေဖြစ်ကုန်ကြတဲ့ သူ့ဝန်ထမ်းတွေကို ပုံမှန် ကျန်းမာရေးထောက်ပံ့မှု စရိတ်ကိုတော့ အရေးကြုံလာရင် ခံစားခွင့်ပေးနေဦးမှာ ဖြစ်တယ်လို့ကြေငြာချက်မှာ ပါဝင်ပါတယ်။ ဒါပေမဲ့ လစာမရှိတော့လို့ ရပ်တည်ရခက်ခဲနေမဲ့ အမေရိကန်နိုင်ငံသားတွေဆိုရင် ခုလက်ရှိအမေရိကန်အစိုးရက စီစဉ်ပေးနေတဲ့ ထောက်ပံ့ကြေးကို မြန်မြန်လျှောက်ထားဖို့ တိုက်တွန်းထားပါသေးတယ်။ ဒစ်စနေးအနေနဲ့ ပန်းခြံတွေ၊ ဟိုတယ်တွေပိတ်လိုက်ရလို့ အထိနာပေမဲ့ တစ်ဘက်မှာ တိုးတက်နေတဲ့ လုပ်ငန်းခွဲလေး တစ်ခုတော့ရှိနေပါသေးတယ်။ ဒါကတော့ online streaming channel ဖြစ်တဲ့ Disney Plus ဖြစ်ပြီး စတင်ထုတ်လွှင့်တာ ၅လပဲသေးပေမဲ့ Stay Home နေရတဲ့သူတွေရဲ့ အားပေးမှုကြောင့် ခုဆို စာရင်းသွင်းထားသူ သန်း (၅၀)ကျော်နေပါပြီ။
     ပြီးခဲ့တဲ့ လတုန်းကတော့ ဒစ်စနေးကုမ္ပဏီရဲ့ Chairman ဖြစ်တဲ့ Bob Iger က ကပ်ရောဂါဖြစ်နေတုန်းမှာ သူ့ရဲ့လစာကို တစ်ပြားမှ မယူတော့ကြောင်းကြေငြာခဲ့ပြီး အမှုဆောင်အရာရှိချုပ်ဖြစ်တဲ့ Bob Chapek ကတော့ လစာတစ်ဝက်လျှော့ယူမှာဖြစ်ကြောင်းကြေငြာခဲ့ပါတယ်။ ဒစ်စနေး ကုမ္ပဏီရဲ့ Chairman ဖြစ်တဲ့ Bob Iger ဟာ ဖျော်ဖြေမှုစီးပွားရေး နယ်ပယ်မှာ လစာအများဆုံးရတဲ့သူဖြစ်ပြီး သူ့ရဲ့ တစ်နှစ်လစာဟာ ဒေါ်လာ ၄၇သန်းလောက်ရှိပါတယ်။ အဲဒီတုန်းကတော့ ကြေငြာချက်မှာ Iger က ကပ်ရောဂါကြီးပြီးသွားရင်တောင် နောင်လာမဲ့အချိန်တွေမှာ ဒစ်စနေးပန်းခြံတွေကို ဝင်ရင် လုံခြုံရေးစစ်ဆေးသလိုပဲ ကိုယ်ပူချိန်တိုင်းတာကိုလည်း အမြဲလုပ်သွားဖို့စဉ်းစားနေတယ်လို့ ပြောသွားပါတယ်။
ကူးယူဖော်ပြခွင့် မပြုပါ။
Source: BBC
Photo: Tyler Nix/unsplash

%d bloggers like this: