လူသူခြောက်ကပ်နေတဲ့ လမ်းမတွေ၊ အိမ်တွင်းပုန်းနေရတဲ့ရက်တွေ၊ ဗိုင်းရပ်စ်ကိုကြောက်နေရတဲ့ အချိန်တွေဟာ မကြာခင်ကုန်ဆုံးတော့မှာ ဖြစ်တဲ့အတွက် ဥရောပနဲ့ မြောက်အမေရိကဘက်ကနေ ပြိုင်ဘီး အော်ဒါတွေဟာ ထိုင်ဝမ်က စက်ရုံတွေဆီ မနားတမ်းတက်လာနေပါတယ်။ ကပ်ရောဂါကြီးဟာ တစ်ကမ္ဘာလုံးကို စီးပွားရေးကြပ်တည်းမှုတွေ၊ အလုပ်အကိုင် မတည်မြဲမှုတွေ ပေးခဲ့ပေမဲ့ ထိုင်ဝမ်က ပြိုင်ဘီးစက်ရုံအတွက်တော့ ဘုရားပေးတဲ့ ဆုလဘ်လို့တောင် ဆိုရမလားပါပဲ။ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကို ကောင်းကောင်းမွန်မွန် ထိန်းချုပ်နိုင်ခဲ့တဲ့အတွက် Lockdown အကြာကြီးလုပ်ခံရမဲ့ ဘေးကဝေးခဲ့သလို ပြီးခဲ့တဲ့ လပိုင်းတွေကတော့ အရမ်းအလုပ်ရှုပ်တဲ့ ကာလတွေပါပဲလို့ ပြိုင်ဘီးကုမ္ပဏီ Giant ရဲ့ CEO Bonnie Tu ကပြောပါတယ်။
Giant ဟာ ထိုင်ဝမ်အခြေစိုက် ကမ္ဘာ့အကြီးဆုံး ပြိုင်ဘီးထုတ်လုပ်ရေး ကုမ္ပဏီဖြစ်ပြီး တရုတ်၊ ထိုင်ဝမ်၊ နယ်သာလန်တို့မှာ စက်ရုံခွဲတွေ အများကြီးနဲ့ လည်ပတ်နေတာပါ။ Mr. Tu ကတော့ ထိုင်ဝမ်က စက်ရုံဟာ အင်အားအပြည့်နဲ့ ပြန်လည်ပတ်နေပြီး အရောင်းဌာနတွေကလည်း ဖောက်သည်တွေရဲ့ အော်ဒါတွေကို အချိန်မီပို့နိုင်အော် ကြိုးစားနေကြာင်း ပြောပြသွားပါတယ်။ ဗြိတိန်ရှိ ပြိုင်ဘီးကုန်သည်ကြီးများအသင်းရဲ့ အဆိုအရ သူတို့နိုင်ငံမှာတင် စက်ရုံကထုတ်ပေးဖို့ စောင့်နေတဲ့ ပြိုင်ဘီးအော်ဒါပေါင်း ၂သောင်းလောက်ရှိနေပြီး ရှေ့မှာလည်း ရောင်းပြီးသွားတဲ့ အော်ဒါတွေ မနည်းဘူးလို့ သိရပါတယ်။
Mr. Tu ကတော့ ဥရောပနဲ့ အမေရိက ဈေးကွက်မှာ ဈေးသက်သာတဲ့ ဒေါ်လာ ၁၀၀၀ ပတ်ဝန်းကျင် ဘီးတွေဟာ အရမ်းအဝယ်လိုက်နေပြီး သူတို့အနေနဲ့က အပို ပစ္စည်း ပြတ်လပ်တဲ့ ကြားက မရရအောင် ထုတ်လုပ်ပေးနေပါတယ်လို့ ပြောပါတယ်။ ဘာလို့လဲဆိုတော့ အပိုပစ္စည်းတွေ ထုတ်လုပ်ပေးတဲ့ တရုတ်ပြည်မကြီးက စက်ရုံတွေဟာ ခုထက်ထိပိတ်ထားရတုန်း မို့လို့ပါ။ Giant ဟာဆိုရင်တော့ သိပ်မကြာတဲ့ လပိုင်းမှာ ဟန်ဂေရီ နိုင်ငံမှာလည်း စက်ရုံသစ်တွေ ဖွင့်သွားဖို့ရှိနေပြီး တရုတ်နဲ့ပိုဝေးကာ ဖောက်သည်တွေနဲ့ ပိုနီးတဲ့ နေရာကို ရွေ့မဲ့ အစီအစဉ်ရဲ့ တစိတ်တပိုင်း ဖြစ်တယ်လို့သိရပါတယ်။
Thaiwan Bicycle Association ရဲ့ ဒါရိုက်တာ တစ်ယောက်ဖြစ်တဲ့ Gina Chang ကတော့ ထိုင်ဝမ်က ပြိုင်ဘီး ထုတ်လုပ်သူတွေဟာ ပထမ ၃လပတ်မှာ အော်ဒါ ဖျက်သိမ်းတာတွေ၊ အော်ဒါ ရွေ့ဆိုင်းတာတွေ အများအပြား ကြုံခဲ့ရပြီး ခုချိန်မှာတော့ အံ့သြစရာကောင်းလောက်အောင် အော်ဒါတွေ ပြန်တက်နေကာ ကပ်ရောဂါကြီး ဖြစ်ကာစတုန်းက စားစရာတွေ အလုအယက် ဝယ်သလိုမျိုး panic buying လုပ်နေကြသလားလို့တောင် ထင်ရပါတယ်လို့ ဖြေသွားပါတယ်။ ခုဆိုရင် ထိုင်ဝမ်က ပြိုင်ဘီးထုတ်တဲ့ ကုမ္ပဏီတွေဟာ ဒီအော်ဒါတွေ ရှင်းဖို့အတွက် နှစ်ကုန်တဲ့အထိတောင် ထုတ်ပေးရတော့မှာလို့ ထပ်လောင်း ပြောကြားသွားပါသေးတယ်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: Bangkok Post
Photo: Eye on Taiwan