ဒီပူးပေါင်းမှုရဲ့ အဓိကရည်ရွယ်ချက်ကတော့ ကား၊ လေယဉ်၊ သင်္ဘောတွေမှာ အသုံးချဖို့အတွက် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု ကင်းစင်တဲ့ လောင်စာဆီကို ပမာဏအမြောက်အများထုတ်လုပ်ပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ဒီပူးပေါင်းဆောင်ရွက်မှုမှာဆိုရင် ဒိန်းမတ်အခြေစိုက် သင်္ဘောလိုင်းကြီးဖြစ်တဲ့ Maersk လိုင်း၊ ဒိန်းမတ်ရဲ့ အင်အားကြီး စွမ်းအင်ကုမ္ပဏီဖြစ်တဲ့ Orsted တို့ကဦးဆောင်ပြီး ကိုပေဟေဂင်လေဆိပ်၊ စကန်ဒီနေဗီးရန်းလေကြောင်းလိုင်း SAS တို့ပါဝင်ပြီး ကိုပေဟေဂင် ဧရိယာမှာ ဒီထုတ်လုပ်ရေးလုပ်ကွက်ကြီးကိုတည်ဆောက်မှာပါ။ ဒီစက်ရုံတွေကနေ ထုတ်လုပ်ဖို့ရည်ရွယ်ထားတာကတော့ ဟိုက်ဒရိုဂျင်နဲ့ e-fuel လို့ခေါ်တဲ့ CO2 အခြေခံ လူလုပ်လောင်စာဆီတွေဖြစ်ပြီး လာမယ့် ၂၀၂၃ကြရင် စတင်လည်ပတ်ထုတ်လုပ်နိုင်မယ်လို့ ရည်မှန်းထားကြောင်း ကုမ္ပဏီတွေက ပြောပါတယ်။ ၂၀၃၀ကြရင်တော့ အင်အားပြည်လည်ပတ်နိုင်ဖို့ ရည်ရွယ်ထားပြီး ဒီကနေ လောင်စာဆီ တန်ချိန် ၂သိန်းခွဲလောက်ထုတ်လုပ်မှာဖြစ်ပါတယ်။
နောက်ပြီး ဒီစက်ရုံမှာ ဟိုက်ဒရိုဂျင်ထုတ်လုပ်ဖို့ အသုံးပြုရတဲ့ electrolyser စက်တွေကိုလည်း လေအားလျှပ်စစ်တာဘိုင်တွေကနေ စွမ်းအင်ပေးမှာဖြစ်ပြီး စစခြင်းမှာ ၁၀ မဂ္ဂါဝပ်ကနေ စလည်ပတ်မှာဖြစ်ပြီး နောက်ဆုံးအပြီးသတ်ရင် ၁.၃ ဂစ်ဂါဝပ်အထိ ထုတ်လုပ်ပေးနိုင်ဖို့ စီမံကိန်းမှာပါဝင်ပါတယ်။ ဥရောပကော်မရှင်လိုမျိုး အဖွဲ့အစည်းတွေ ကတော့ ဟိုက်ဒရိုဂျင်ကို ပတ်ဝန်းကျင်ညစ်ညမ်းမှု အနည်းဆုံးနဲ့ ပါဝါထုတ်ပေးမှု ရာခိုင်နှုန်းကောင်းမွန်တဲ့ လောင်စာအဖြစ်အသိအမှတ်ပြုထားကြပေမဲ့ အမေရိကန်စွမ်းအင် ဌာနကတော့ ဟိုက်ဒရိုဂျင်ကို ဒီလိုသတ်မှတ်ဖို့ လေ့လာမှုတွေထပ်လုပ်ဖို့လိုသေးတယ်လို့ ပြောကြားထားတာရှိပါတယ်။ အကြောင်းကတော့ ဟိုက်ဒရိုဂျင်ကို အိပ်ဇောတွေကနေ စွန့်ထုတ်တဲ့အခါမှာ ဟိုက်ဒရိုဂျင်သီးသန့်ပြန်မထွက်ဘဲ ဓါတ်ပေါင်းတွေအနေနဲ့ ပြန်ထွက်သွားတာကြောင့်ပါ။
ဘယ်လိုမဆို ဒီဒိန်းမတ် ပရော့ဂျက်သာ အောင်အောင်မြင်မြင်နဲ့ ပြီးသွားခဲ့ရင် အဲအချိန်ကစလို့ ကိုပေဟေဂင်က အများပြည်သူသုံး ဘတ်စ်ကားတွေအတွက် ဟိုက်ဒရိုဂျင်တွေ အမြောက်အများထုတ်ပေးနိုင်မှာဖြစ်သလို သင်္ဘောလိုင်းကြီးဖြစ်တဲ့ Maersk အတွက်လည်း မီသာနောတွေ ပေါပေါများများရရှိမှာပါ။ ဒါတင်မက ကိုပေဟေဂင်ကနေ အတက်အဆင်းလုပ်နေတဲ့ လေယဉ်တွေနဲ့ စကန်ဒီနေးဗီးယန်း လေကြောင်းလိုင်း SASအတွက် e-kerosen လို့ခေါ်တဲ့ ညစ်ညမ်းမှုနည်းတဲ့ လေယဉ်ဆီတွေကိုပါ ထုတ်ပေးမှာဖြစ်ပါတယ်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: CNBC
Photo: FuelCellWork
0