Photo: Ecotextile News
ဖက်ရှင်ကုမ္ပဏီကြီးတွေဟာ Covid-19 ကြောင့် စက်ရုံပိတ်ထားရလို့ စားဝတ်နေရေးကြပ်တည်းပြီး ဒုက္ခရောက်နေတဲ့ ကမ္ဘာတစ်ဝှမ်းက အထည်ချုပ်လုပ်သား သန်း၄၀လောက်ကို ဒီအတိုင်း လစ်လျူရှု ပစ်မထားသင့်ဘူးလို့ အလုပ်သမားအခွင့်အရေး တက်ကြွလှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေက ထောက်ပြပြောဆိုခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ခုဆိုရင် ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီယား၊ ဗီယက်နမ် နဲ့ မြန်မာနိုင်ငံတို့မှာ ရှိတဲ့ အထည်ချုပ်စက်ရုံအများစုဟာ တရုတ်ကဝင်လာမဲ့ ကုန်ကြမ်းတွေ ပြတ်လပ်တာရယ်၊ မှာယူတဲ့ ဥရောပနိုင်ငံက အော်ဒါတွေ ရပ်ဆိုင်းကုန်တာရယ်ကြောင့် ပိတ်သိမ်းနေကြရတာပါ။ ဒါ့အပြင် ရောဂါကူးစက်မှုပြင်းထန်တဲ့ နိုင်ငံတွေမှာဆို အစိုးရကနေ စက်ရုံရပ်နားဖို့ အကြောင်းကြားတဲ့ ဖြစ်ရပ်တွေလည်းရှိတဲ့အတွက် စက်ရုံတွေမှာ မိအေး နှစ်ခါနာအကွက်တွေ ဖြစ်လို့နေပါတယ်။
ဒါကြောင့်လည်း နယ်သာလန်နိုင်ငံ အခြေစိုက် အဖြူရောင်ဝတ်ရုံအဖွဲ့ (Clean Clothes Campaigner) က ဖက်ရှင်ကုမ္ပဏီကြီးတွေ အနေနဲ့ စက်ရုံအလုပ်သမားတွေဟာ သူတို့ရဲ့ ကုမ္ပဏီဝန်ထမ်းမဟုတ်ပေမဲ့ ကုန်ချောထုတ်လုပ်မှု လမ်းကြောင်းမှာ အဓိကအစိတ်အပိုင်းဖြစ်ခဲ့တာကို အသိအမှတ်ပြုပြီး ခုလို အထည်ချုပ်အလုပ်သမားတွေ ဒုက္ခရောက်နေချိန်မှာ ဝင်ရောက်ကူညီသင့်ကြောင်း ပြောကြားခဲ့တာပါ။ နောက်ပြီး ဒီအဖွဲ့ကပဲ စက်ရုံပိုင်ရှင်တွေအနေနဲ့လည်း အကယ်၍ အလုပ်သမားတစ်ယောက်ဟာ ကိုရိုနာဗိုင်းရပ်ကူးစက်ခံခဲ့ရရင် ကုသနေတဲ့ တလျောက်လစာအပြည့်နဲ့ ဆေးကုသခွင့်ပေးဖို့ရယ်၊ ရောဂါပျောက်ကင်းသွားရင် အလုပ်ပြန်လည်ခန့်ထားပေးဖို့ နိုင်ငံအလိုက် ညှိနှိုင်းပေးနေပါတယ်။
Clean Clothes Campaign ရဲ့ အလုပ်သမားအခွင့်အရေး လှုပ်ရှားမှု ပိုစတာတစ်ခု
ဒီအဖွဲ့ရဲ့ ဒါရိုက်တာဖြစ်တဲ့ စကော့နိုဗာကတော့ အထည်ချုပ်စက်ရုံရှိတဲ့ နိုင်ငံအများစုဟာ အလုပ်သမားဥပဒေကို လိုက်နာမှု အားနည်းသလို အလုပ်သမားတွေအနေနဲ့လည်း ရတဲ့လစာ အရမ်းနည်းတဲ့အတွက် ဒီလို စက်ရုံနားချိန်တွေမှာ သုံးစွဲဖို့ စုထားဆောင်းထားတာတွေလည်း များများစားစားရှိကြမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ သူကပဲဆက်ပြီး ကမ္ဘောဒီးယားနဲ့ မြန်မာနိုင်ငံမှာဆိုရင်လည်း ပြီးခဲ့တဲ့ တပတ်ကဆို အထည်ချုပ်စက်ရုံတွေ အများကြီးရပ်နားတဲ့ သတင်းကို ကျွန်တော်တို့ကြားခဲ့ရပါတယ်။ ကမ္ဘာဒီးယား အလုပ်သမားဥပဒေအရ အလုပ်ရပ်နားပြီဆို အဲ့အလုပ်သမားကို အနည်းဆုံးလခရဲ့ ၄၀% ခြောက်လဆက်တိုက် ထောက်ပံ့ရမယ်ဆိုပေမဲ့ အလုပ်သမားတွေဟာ ထောက်ပံငွေမရဘဲ အလုပ်နားခံနေရသလို မြန်မာနိုင်ငံမှာလည်း ဒီအတိုင်းထပ်တူတွေပါပဲ။ အလုပ်သမားတွေဟာ ငတ်မသေချင်ရင် အကြွေးနွံထဲမှာ နစ်ပြီးရင်းနစ်နေရပါတယ် လို့ပြောခဲ့ပါတယ်။
မြန်မာနိုင်ငံမှာတော့ ပြီးခဲ့တဲ့ မတ်လ ၁၇နေ့မှာ အထည်ချုပ်လုပ်ငန်းအတွက် လိုအပ်တဲ့ ကုန်ကြမ်းတွေကို စီးပွားကူးသန်းဝန်ကြီးဌာန၊ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း၊ တရုတ်ပြည်သူ့သမ္မနိုင်ငံသံရုံး စီပွားရေးဌာန၊ China Enterprise Chamber of Commerce in Myanmar (CECCM) တို့ ပူးပေါင်းပြီး မူဆည်ကနေ နေ့စဉ် ကားအစီး ၅၀ခန့် ပြန်လည်ဝင်ရောက်နေပြီဖြစ်သလို တရုတ်နိုင်ငံ၊ ကွမ်ကျိုးမြို့မှလည်း လေယဉ်နဲ့ ပို့ဆောင်နေပြီဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက တင်ပြထားပါတယ်။
ကူးယူဖော်ပြခွင့်မပြုပါခင်ဗျား။
Source : The Guardian