ကားပိုင်ဆိုင်ခွင့် ပါမစ်စျေးများ စင်္ကာပူတွင် ဆက်လက်မြင့်တက်

Share

စင်္ကာပူအစိုးရသည် နိုင်ငံတွင်း ယာဉ်ကြောပိတ်ဆို့မှုကို ထိန်းချုပ်ရန်အတွက် Certificate of Entitlement (COE) ဆိုသည့် ကားပိုင်ဆိုင်ခွင့်လက်မှတ် စနစ်ကို ၁၉၉၀ တွင် စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ COE ပါမစ်တခု၏ သက်တမ်းမှာ ၁၀နှစ်ရှိပြီး စင်္ကာပူအစိုးရက နှစ်ပတ်လျှင်တကြိမ် အရေအတွက်အကန့်အသတ်ဖြင့် လေလံတင်ရောင်းချပေးခြင်းဖြစ်သည်။

စင်္ကာပူတွင် ကားပိုင်ဆိုင်လိုသူအနေဖြင့် ကားမဝယ်မီ COE ပါမစ်အရင်ဝယ်ယူရမည်ဖြစ်ပြီး ကားတန်ဖိုးနှင့် သွင်းကုန်အခွန်အခများပါ ပေါင်းလိုက်ပါက စင်္ကာပူသည် ကားတစီးဝယ်ယူရန် စရိတ်စက အများဆုံးနိုင်ငံ အဖြစ် ရပ်တည်လျက်ရှိသည်။

လက်ရှိတွင် စျေးအနည်းဆုံး COE ပါမစ်တခု၏ ပေါက်စျေးမှာ စင်္ကာပူဒေါ်လာ ၁သိန်း (မြန်မာငွေ သိန်းနှစ်ထောင်ခန့်) ရှိပြီး ကားအမျိုးအစား ကန့်သတ်ချက်မရှိသည့် အမြင့်ဆုံးပါမစ်၏ စျေးမှာ စင်္ကာပူဒေါ်လာ ၁၅၂၀၀၀ အထိ စံချိန်တင် စျေးမြင့်တက်နေသည်။

ထို့အတွက်ကြောင့် ဥပမာအနေဖြင့် စင်္ကာပူတွင် Toyota Camry Hybrid တစီးဝယ်ယူလိုသူသည် COE ပါမစ်၊ ကားတန်ဖိုးနှင့် အခွန်အခများပေါင်းလိုက်ပါက စင်္ကာပူဒေါ်လာ ၂သိန်းခွဲခန့် ကျသင့်မည်ဖြစ်ပြီး အဆိုပါ ပမာဏသည် အမေရိကန်တွင်ဝယ်ယူသည်ထက်ခြောက်ဆခန့်များပြားသည့် ပမာဏဖြစ်သည်။

တနှစ်ဝင်ငွေ စင်္ကာပူဒေါ်လာ ၇သောင်းခန့်ရရှိသည့် ပုံမှန်စင်္ကာပူနိုင်ငံသားတစ်ဦးအနေဖြင့် ကားပိုင်ဆိုင်ခွင့် ဆိုသည်မှာ လက်ရှိ COE စနစ်အရ မဖြစ်နိုင်သည့် ကိစ္စဖြစ်ပြီး င်္စကာပူအစိုးရ၏ ရည်ရွယ်ရင်းမှာလည်း ထိုအတိုင်းပင်ဖြစ်သည်။

စင်္ကာပူ အစိုးရအနေဖြင့် အများပြည်သူသုံးဆက်သွယ်ရေးစနစ်ကိုသာ ဦးစားပေးအသုံးပြုစေလိုပြီး သည့်အတွက်ကြောင့် နိုင်ငံ၏ ရထားလမ်းကွန်ရက်စနစ်ကို မြှင့်တင်ရန်နှင့် ထပ်တိုးဆောက်လုပ်ရန် စင်္ကာပူဒေါ်လာ ဘီလီယံ၆၀ ခန့်ရှိသည့် ဘတ်ဂျက်ကို ယမန်နှစ်က လျာထားခဲ့သည်။

သို့သော်လည်း COE ပါမစ်များမှာ ကိုဗစ်ပြီးဆုံးချိန်မှ စ၍ ကားဝယ်လိုအား တက်လာသောကြောင့် တရိပ်ရိပ် စျေးမြင့်နေခဲ့ပြီး လာမည့်နှစ်တွင်လည်း အစိုးရက COE အတွက် အခွန်လျော့ပေါ့မှု အချို့ကို စတင်ရပ်ဆိုင်းမည့် သတင်းများကြောင့် ဆက်လက်စျေးမြင့်တက်ဖွယ်ရှိကြောင်း သုံးသပ်နေကြသည်။

ကူးယူဖော်ပြခွင့်မပြုပါ။

Source: BBC

Photo: Voices Shortpedia

%d bloggers like this: