ဒေသစံတော်ချိန် (အမေရိက အရှေ့ပိုင်းစံတော်ချိန်) ၇ နာရီ ၁၆ မိနစ် (ညနေပိုင်း) – အမေရိကရှိ အကြီးဆုံး စူပါမားကတ်လုပ်ငန်းကြီး Kroger ၏ အမှုဆောင်အရာရှိချုပ်က “ပြီးခဲ့တဲ့ အပတ်အတွင်း ဝန်ထမ်း ၂၀၀၀ ကျော် ခန့်အပ်ခဲ့ပါတယ်။ အခုလောလောဆယ် ကိုရိုးနားဗိုင်းရပ်စ်ကိစ္စဖြစ်ပွားနေပေမယ့် ဈေးကွက်ထဲမှာ ဝယ်လိုအားများနေတာတွေ ဖြည့်တင်းဖို့ ဝန်ထမ်းလိုအပ်ချက်ကိုလည်း စက်ရုံ၊ ဂိုထောင်၊ စတိုးတွေ အားလုံးပေါင်း နောက်ထပ် နေရာ ၁ သောင်းကျော်အလုပ်ခေါ်ဖို့ ရှိနေပါတယ်” ဟု ပြောကြားသည်။
Kroger သည် Harris Teeter, Fred Meyer လုပ်ငန်းများကိုလည်း ပိုင်ဆိုင်ထားပြီး ဝန်ထမ်းပေါင်း ၄ သိန်း ၆ သောင်းခန့်ရှိသည်။
(အမေရိက အရှေ့ပိုင်းစံတော်ချိန်) ၇ နာရီ ၄ မိနစ် (ညနေ) – ကိုရိုးနားဗိုင်းရပ်စ် ကူးစက်မှုသည် ယခုအခါ ပြည်နယ် ၅၀ လုံးကို ရောက်ရှိသွားပြီ ဖြစ်ပြီး သေဆုံးသူ ဦးရေ ၁၀၀ ကျော်လာလျက်ရှိသည်။ အမေရိက တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် ၅၈၀၉ ကူးစက်ခံရလျက်ရှိပြီး သေဆုံးမှုအားဖြင့် အနည်းဆုံး ၁၀၀ ရှိပြီဖြစ်သည်။
(အမေရိက အရှေ့ပိုင်း စံတော်ချိန်) ၆ နာရီ ၅၅ မိနစ် (ညနေ) – Alameda County အခြေစိုက် Tesla ၏ စက်ရုံကို ဆက်လက်လည်ပတ်စေလျက်ရှိပြီး အမှုဆောင်အရာရှိချုပ် Elon Musk က ဝန်ထမ်းများအား အသိပေးပြောကြားထားသည်မှာ “ကျွန်တော် ရှင်းရှင်းလင်းလင်းသိစေချင်တာက နည်းနည်း နေမကောင်းချင်တာပဲဖြစ်ဖြစ်၊ မအီမသာဖြစ်တာပဲဖြစ်ဖြစ် ဖြစ်ပြီဆိုတာနဲ့ အလုပ်ကို မလာမနေလာရမယ်ဆိုတာမျိုး မတွေးပါနဲ့တော့။ ကျွန်တော်ကိုယ်တိုင်ကတော့ အလုပ်ထဲမှာပဲ ရှိနေမှာပါ။ ဒါက ကိုယ်ရေးကိုယ်တာဆုံးဖြတ်ချက်ပါ။ ခင်ဗျားတို့ (ဝန်ထမ်းတွေ) ဘယ်လိုအကြောင်းပြချက်နဲ့ဖြစ်စေ အိမ်မှာပဲနေချင်တယ်ဆိုရင်လည်း အဆင်ပြေပါတယ်။” ဟု ရေးသားထားသည်။
၆ နာရီ ၄၈ မိနစ် (ညနေပိုင်း) – အမေရိကန် ဗဟိုဘဏ်နှင့် အိမ်ဖြူတော်ရှိအစိုးရတို့ နိုင်ငံစီးပွားရေး ထိခိုက်မှုသက်သာစေရန် ကန်ဒေါ်လာ ၈၅၀ ဘီလျံမှ ၁ ထရီလျံအတွင်း ပမာဏရှိ ငွေကြေးမူဝဒါများ၊ အကူအညီများ နိုင်ငံ့ဈေးကွက်တွင်း ထောက်ပံ့ကူညီသွားရန် ဆွေးနွေးနေကြသည်။ အဆိုပါ များပြားသော ပမာဏထိ လုပ်ဆောင်သွားရန်ရှိသော်လည်း ဗိုင်းရပ်စ်ကြောင့် ထိခိုက်နိုင်သော ဒဏ်များမှာ ပိုမိုနိုင်ကြောင်း ခန့်မှန်းထားကြသည်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Orio Economics
source: cnbc, pexels