04 Feb 2020 Ref: BBC
လာမဲ့ ဖေဖော်ဝါရီ ဒုတိယပတ်ထဲမှာ ကမ္ဘာ့ရေနံတင်ပို့သူများအသင်း (OPEC) အဖွဲ့ဝင်နိုင်ငံတွေနဲ့ သူ့ရဲ့ မိတ်ဖတ်နိုင်ငံတွေက ကိုယ်စားလှယ်တွေဟာ အရေးပေါ်အစည်းအဝေး အနေနဲ့ တွေ့ဆုံဖို့ရှိနေပါတယ်။ ဘာကြောင့်လဲဆိုတော့ လက်ရှိ ကမ္ဘာ့ ရေနံစိမ်းဈေးနှုန်းဟာ တစ်နှစ်အတွင်း အနိမ့်ဆုံး ဈေးကိုရောက်ရှိနေခဲ့လို့ပါပဲ။
ဒီကိစ္စရဲ့ အဓိကလက်သည် ကတော့ ပြီးခဲ့တဲ့ တရုတ်နှစ်ကူးကနေ စပြီးပြန့်ခဲ့တဲ့ ကိုရိုနာ ဗိုင်းရပ်စ်ကို တရုတ်အစိုးရက ကောင်းကောင်း မထိန်းချုပ်နိုင်သေးတဲ့အချိန်မှာ နိုင်ငံအတွင်း စက်ရုံ၊ အလုပ်ရုံ တော်တော်များများဟာ ရပ်နားထားနေရတာကြောင့်ပါ။ ပုံမှန် တစ်နေ့ကို ရေနံစိမ်း စည်ပေါင်း ၁၄သန်းလောက် တင်သွင်းနေရတဲ့ ဈေးကွက်ကြီးဟာ ခုတော့ အကြပ်အတည်းတွေနဲ့ ကြုံတွေ့နေရပါပြီ။
ဒါ့အပြင် တရုတ်နိုင်ငံကို နိုင်ငံတော်တော်များများက ခုအခါ လေကြောင်းခရီးစဉ်တွေ ဖျက်သိမ်းလိုက်ပြီ ဖြစ်သလို၊ တရုတ်ပြည်တွင်း လေကြောင်းလိုင်းတချို့ပါ ရပ်နားထားရတဲ့ အခြေအနေပါ။ ဒါကြောင့် လေယဉ်ဆီဈေးကွက်ပါ ဝယ်လိုအား ထပ်မံကျဆင်းနေပါတယ်။
စာရင်းဇယားတွေအရ တရုတ်အစိုးရပိုင် Sinopec ရေနံချက်ကုမ္ပဏီဟာ ပုံမှန်ချက်လုပ် နေကြထက် ရေနံစည် ၆သိန်းလောက် လျော့ချခဲ့ရတယ်လို့ဆိုပါတယ်။ ဒါဟာ ဆယ်စုနှစ်အတွင်း သူတို့ ကုမ္ပဏီရဲ့ စံချိန်တင် လျော့ချမှုပါပဲ။ ရေနံဈေးကွက် စောင့်ကြည့်သုံးသပ်သူတွေကတော့ ဒီလို အချိန်တိုအတွင်း ဈေးထိုးကျသွားတာဟာ ကြုံတောင့်ကြုံခဲဖြစ်ပြီး အထိတ်တလန့်ဖြစ်စရာ ကောင်းတယ်လို့ဆိုပါတယ်။
လာမဲ့ OPEC ထိပ်သီး အစည်းအဝေးမှာတော့ ရေနံစိမ်းဈေးကို ပြန်ဆွဲတင်ဖို့ အတွက် ရေနံတင်ပို့မှုကို လျော့ချမဲ့ အကြောင်းဆွေးနွေးကြမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။