ကမ္ဘာ့နိုင်ငံအသီးသီးတွင် ဗိုင်းရပ်စ်အားကာကွယ်ရန် နည်းလမ်းအမျိုးမျိုးသုံးနေကြသော်လည်း အချို့နိုင်ငံများတွင် ပုံမှန်မဟုတ်ပဲ တီထွင်ဖန်တီးထားသည့် ထူးဆန်းသောနည်းလမ်းများ အသုံးပြုနေပြီး အချို့နိုင်ငံများ၌ အစွန်းရောက်သော နည်းလမ်းများလည်း တွေ့ရသည်။
COVID-19 အား အံတုရန် ထူးခြားသည့်နည်းလမ်းများကျင့်သုံးနေသော နိုင်ငံအချို့အား တင်ပြရသော်
(၁) ပနားမား
အမေရိကန်အလယ်ပိုင်းနိုင်ငံတခုဖြစ်သည့် ပနားမားနိုင်ငံတွင် Coronavirus ကူးစက်ခံရသည့် case ပေါင်း ၁၀၀၀ နီးပါးရှိနေပြီး quarantine နေထိုင်စဉ် ကျား/မ ခွဲခြား၍ အပြင်ထွက်ခွင့်ပေးထားသည်။
ဗုဒ္ဓဟူးနေ့မှစ၍ ယောက်ျားနှင့် မိန်းမတို့သည် မတူညီသည့် အချိန်အတွင်း ၂ နာရီသာ အိမ်အပြင်သို့ ထွက်ခွင့်ပေးထားပြီး တနင်္ဂနွေနေ့တွင် မည်သူမျှအပြင်ထွက်ခွင့်မရှိပေ။
“ပြည်သူတို့၏ အသက်ကိုကာကွယ်ဖို့ ဒီလိုလုံးဝဥဿုံ quarantine လုပ်ထားတာထက် ဘာမှမရှိ” ဟု လုံခြုံရေးတာဝန်ခံဝန်ကြီးက အစည်းအဝေးတခုတွင် ပြောကြားခဲ့သည်။
(၂) ကိုလမ်ဘီယာ
ကိုလမ်ဘီယာရှိ အချို့မြို့များတွင် နိုင်ငံသားတိုင်း ကိုင်ဆောင်သော မှတ်ပုံတင်နံပါတင်၏ နောက်ဆုံးဂဏန်းပေါ်မူတည်၍ အပြင်ထွက်ခွင့်ပေးထားသည်။
ဥပမာ Barrancabermeja တွင်နေထိုင်သူ၏ မှတ်ပုံတင်နောက်ဆုံးနံပါတ်သည် ၀ (သို့) ၇ (သို့) ၄ နဲ့ဆုံးလျှင် တင်္နလာနေ့တွင် အိမ်ပြင်ထွက်ခွင့်ရမှာဖြစ်ပြီး ၈၊ ၁ (သို့) ၅ နှင့်ဆုံးလျှင်တော့ အင်္ဂါနေ့ရောက်မှသာ အပြင်သွားခွင့်ရှိသည်။ Bolivia နှင့်အနီးတဝိုက်တွင်လည်း ဤနည်းလမ်းအတိုင်း ကျင့်သုံးရန်အဆိုပြုထားသည်။
(၃) ဆားဘီးယား
မြို့အား Lockdown လုပ်ထားစဉ် ဆားဘီးယားနိုင်ငံ အစိုးရက “အိမ်မွေးခွေးလမ်းထွက်လျှောက်သည့်နာရီ” အဖြစ် ည ၈နာရီမှ ၁၁ နာရီအထိ ခွင့်ပြုထားသည်။ သို့သော် ခွေးအူသံ ဆူညံသံများနှင့် ပတ်သက်၍ ခွေးပိုင်ရှင် ဆန္ဒပြသူများကြောင့် ဤအစီအစဉ်အား ရပ်တန့်ထားသည်။ ခွေးလမ်းလျှောက်ခြင်းအား ရပ်တန့်လိုက်ပါက ခွေးဆီးသွားခြင်းပြဿနာများ ဖြစ်ပေါ်စေနိုင်ပြီး လူနေအိမ်များ၌လည်း အခြေခံ ကျန်းမာရေးနှင့် ပတ်သက်သည့် ပြဿနာများ ပိုမိုဆိုးရွားလာနိုင်သည်ဟု တိရိစ္ဆာန် ဆရာဝန်တဦးက ပြောကြားထားသည်။
(၄) ဘီလာရုစ်
ဘီလာရုစ် သမ္မတ Alexander Lukashenko ကတော့ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး ထူးထူးခြားခြား ကန့်ကွက်ထားကာ ပျက်ရယ်ပြုထားသည်။
သူသည် ကိုရိုနာဗိုင်းရပ်အား မမြင်ရ၍ အယုံအကြည်မရှိဟု ဆိုထားပြီး နိုင်ငံအတွင်းကိုရိုနာဗိုင်းရပ်စ် မပျံပွားရေး အကြံပေးချက်များကို ဟားတိုက်ထားသေးသည်။ ရေခဲပြင်စကိတ်ပြိုင်ပွဲတခု၌ သတင်းထောက်တဦး၏ အင်တာဗျူးတခုတွင် သမ္မတက “ပြိုင်ပွဲမှာရောက်ရှိနေတဲ့ လူတွေအားလုံးဗိုင်းရပ်စ်ရန်က ကင်းဝေးပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအားကစားကွင်း အဆောက်အုံကြီးက ဗိုင်းရပ်စ်မပျံ့အောင် ကာကွယ်နိုင်တာကြောင့်ပါ”ဟု ပြောကြားခဲ့သည်။
ကိုရိုးနားဗိုင်းရပ်စ်အား သာမာန်မျက်စိဖြင့်မမြင်နိုင်ဟု ဘယ်သူကမှ သက်သေ သာဓက မပြထားသည်က ပြဿနာ တရပ်ဖြစ်နေပြန်သည်။
“ဒီမှာဘာဗိုင်းရပ်စ်မှမရှိပါဘူး။ ခင်ဗျားနားမှာ ပျံဝဲနေတဲ့ ဗိုင်းရပ်စ်မျိုး မြင်ဘူးလား။ ကျွန်တော်ကတော့ ဘာမှမတွေ့ဘူး။ အထူးသဖြင့်ရေခဲပြင်အားကစားတွေက ဗိုင်းရပ်စ် ကုသကာကွယ်ဖို့အကောင်းဆုံးပဲဗျ။” ဟု သမ္မတ Lukashenko ကပြောဆိုခဲ့သည်။
ထို့အပြင် သူသည် ဗိုင်းရပ်စ်ကာကွယ်ရန်အတွက် Vodka မှန်မှန်မှီဝဲသင့်ကြောင်းနှင့် ချွေးထုတ်ခန်း sauna မှန်မှန်သွားသင့်ကြောင်း အကြံပြုထားသေးသည်။ ထိုအကြံပြုချက်များအားလုံးသည် ကျွမ်းကျင်သူများ၏ အကြံပြုချက်များနှင့် သွေဖယ်ကွဲလွဲနေသည်။
အခြားဥရောပနိုင်ငံများတွင် အားကစားပြိုင်ပွဲနှင့် အခမ်းအနား ကျင်းပမှုများအား တားမြစ်ပိတ်ပင်ထားသော်လည်း ဘီလာရုပစ် နိုင်ငံကတော့ ပိတ်ပင်ထားခြင်းမရှိပေ။
(၅) ဆွီဒင်
ယခုထိကူးစက်ခံရသူပေါင်း ၄၅၀၀ ရှိကြောင်း တရားဝင်ထုတ်ပြန်ထားသော်လည်း ဆွီဒင်နိုင်ငံသည် သူ၏ အိမ်နီးချင်းနိုင်ငံများနှင့် မတူပဲ ဗိုင်းရပ်စ်နှင့်ပတ်သက်ပြီး စိတ်အေးလက်အေးရှိလှသည်။ ပြည်သူများသည် မှန်မှန်ကန်ကန် စဉ်းစားဆင်ခြင်နိုင်စွမ်းရှိသည်ဟုလည်း အစိုးရက ယုံကြည်ထားသည်။ တနင်္ဂနွေနေ့များတွင် လူ ၅၀ နှင့်အထက် စုဝေးခြင်းအား ကန့်သတ်ထားသော်လည်း အသက် ၁၆နှစ်အောက် ကလေးများ တက်ရောက်သော ကျောင်းများအား ဖွင့်လှစ်ခွင့်ပေးထားသည်။ ထို့အပြင် Pub နှင့် စားသောက်ဆိုင်များ ဖွင့်လှစ်ရောင်းချခွင့်ပေးထားပြီး လာရောက်သည့် customers များအား ဆိုင်ထိုင်စားသောက်ခွင့်ပေးထားသေးသည်။
အိမ်တွင်းအိမ်ပြင် စည်းကမ်းချက်များ နှစ်မျိုးစလုံး ခွဲခြားကန့်သတ်ထားသော်လည်း ဆွီဒင်ကျင့်သုံးသည့်နည်းလမ်းသည် မှားယွင်းနေသလား၊ မှန်ကန်နေမလားဆိုတာကိုတော့ အချိန်ကသာ ဆုံးဖြတ်ပေးသွားမည်ဖြစ်သည်။
(၆) မလေးရှား
မလေးရှားဝန်ကြီးဌာနမှ အကြံပြုချက်တခုကတော့ ပြည်သူလူထုကြား အငြင်းပွားစရာတခု ဖြစ်နေသည်။ နိုင်ငံအား lockdown ချထားစဉ်အတွင်း အိမ်ရှင်မများသည် အိမ်နေရင်းအဝတ်အစား မဝတ်သင့်ပဲ မိတ်ကပ်လှလှပပချယ်ကာ အိမ်မှာနေသင့်ကြောင်း၊ လင်ယောက်ျားများအား မြည်တွန်တောက်တီးမှုမပြုသင့်ကြောင်း ကာတွန်းဖြင့်သရုပ်ဖော်ထားသည့် ပိုစတာအား အင်တာနက်စာမျက်နှာပေါ်တွင် အမျိုးသမီးဝန်ကြီးတဦးမှ တင်ခဲ့ပြီးနောက် အင်တာနက်အသုံပြုသူများကြား ဝေဖန်စရာတခုဖြစ်ခဲ့သည်။ ယင်းပိုစတာနှင့် ပတ်သက်၍ ပြန်လည်တောင်းပန်ရန် အစိုးရအား ဖိအားပေးထားပြီး နောက်ပိုင်းတွင် ပိုစတာအား အင်တာနက်ပေါ်မှ ပြန်လည်ဖြုတ်ချခဲ့သည်။
(၇) သြစတြီးယား
နေမကောင်းဖြစ်နေသူများမှ လွဲ၍ ကျန်းမာသောသူများသည် mask ဝတ်ဆင်ရန်မလိုဟု WHO ကကြေငြာထားသော်လည်း သြစတြေးလျနိုင်ငံတွင် ဈေးဝယ်စင်တာများ၌ မဖြစ်မနေ mask တပ်ဆင်ရမည်ဟု ကြေငြာချက်ထုတ်ထားသည်။
ဤဥပဒေသစ်အား Chancellor ဖြစ်သူ Sebastian Kurz မှစတင်ပြုလုပ်ခဲ့တာဖြစ်ပြီး ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် စတင်ကျင့်သုံးခဲ့ကာ သန်းနှင့်ချီသော mask များအား ပြည်သူထံ ပေးဝေရန် အဆင်သင့်ရှိနေပြီဖြစ်သည်။
Mask တပ်ခြင်း အလေ့အထသည် အာရှနိုင်ငံများတွင် အသားကျနေသော အလေ့အထတခု ဖြစ်သော်လည်း ဥရောပနှင့် အမေရိကန်နိုင်ငံများတွင် mask တပ်ဆင်ခြင်း ဓလေ့မရှိပဲ တခါတရံလူကျင့်ဝတ်နှင့်မညီဟု ခံယူထားကြသည်။။ mask တပ်ဆင်ရန်တိုက်တွန်းသည့် ဥရောပနိုင်ငံများဖြစ်သည့် ချက်ပြည်သူ့သမ္မတ နိုင်ငံ၊ စလိုဗားကီးယားနိုင်ငံမှင့် ဟာဇီဂိုဗီးနားတို့ပြီးလျှင် သြစတြေးလျ နိုင်ငံသည် ဥရောပ၏ ၄ နိုင်ငံမြောက်ဖြစ်သည်။
ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: BBC News