နိုဗယ် ကိုရိုးနား ဗိုင်းရပ်စ် The Novel Coronavirus မှာ တခြား မတူညီတဲ့ သားကောင် တစ်ခုရှိနေပါတယ်။ သူကတော့ ကျွန်တော်တို့ လူသားတွေ မဟုတ်ပါဘူး။ ကမ္ဘာ့နာမည်အကြီးဆုံး ဘီယာတွေထဲက တစ်ခုဖြစ်တဲ့ Corona Beer ပါ။
ပြီးခဲ့တဲ့ အပတ်ကမှ မဆီမဆိုင် Corona Beer ကို လူမှု မီဒီယာတွေကြားမှာ အပြောင်အပျက်လုပ်လာကြပြီး၊ ကိုရိုးနားဗိုင်းရပ်စ် ကမ္ဘာကို ပျံ့နှံလာတဲ့ အချိန် ဗီဒီယိုတွေနဲ့လည်း ပေါက်ကရတွေ အလုပ်ခံနေရပါတယ်။ အမေရိကန်က အရွယ်ရောက်ပြီးသားသူတွေဟာ တရုတ်ပြည် ဝူဟန်က စလာတဲ့ ဒီဗိုင်းရပ်စ်ကို Google ဂူဂဲလ်လို search engine မှာ စာသားတလွဲတွေနဲ့ ရိုက်ရှာနေကြပါတယ်။
“corona beer virus” ၊ နောက် “beer coronavirus” အဲ့သလို စာလုံးတလွဲတွေကို မသိပဲနဲ့ ရှာနေကြတာဟာ တမင်တကာ လုပ်နေသလားလို့တောင် ထင်နေရပါတယ်။ ပိုဆိုးတာက Google က အသုံးပြုသူတွေ လွယ်ကူအောင်လို့ trending, trending news စတဲ့ လူအများစိတ်ဝင်စားတာတွေကို အလိုလျောက် ဖေါ်ပြပေးတဲ့ ဝန်ဆောင်မှုတစ်ခုပါတာပါပဲ။ အဲ့ဒီ့မှာ အမေရိကန်သားတွေ ရှာထားတဲ့ ထိပ်ဆုံးက “corona beer virus” နဲ့ “beer coronavirus” ဆိုတဲ့ စကားလုံးက ကမ္ဘာကျော်ဘီယာ ကုမ္ပဏီကြီးကို ဒုက္ခပေးလာပါတယ်။
နေရင်းထိုင်ရင်းနဲ့ မဆီမဆိုင် ရှယ်ယာဈေးတွေ ထိုးကျလာတာပါ။ နယူးယောက်မှာ ရှိတဲ့ စတော့အိတ်စ်ချိန်းမှာ ဒီတစ်ပတ်ထဲ ရှယ်ယာ ၈% ထိုးကျသွားပါတယ်။ ဘီယာထုတ်လုပ်ရေးလုပ်ငန်းကြီးနဲ့ တရုတ်ပြည်က ဝူဟန် ကိုရိုးနားဗိုင်းရပ်စ်တို့ဟာ ဘာအဆက်အစပ်မှ မရှိကြောင်း၊ အမေရိကန်သားတွေ ဒီလိုကိစ္စကို ဘယ်လို စဉ်းစားလိုက်ကြလည်း မသိရကြောင်း ဗြိတိန် ဈေးကွက်သုတေသနကုမ္ပဏီကြီး YouGov က ဆိုပါတယ်။
photo: bloomberg
“ဘီယာနာမည် Corona ဆိုတာက နေမင်းကြီးဆီက အလင်းရောင် လွှတ်တဲ့ အလွှာကို ရည်စူးပြီး ပေးထားတာပါ။ ခု ဗိုင်းရပ်စ်နဲ့လည်း ဘာမှ မဆိုင်ပါဘူး။ အမေရိကန်မှာ တတိယ နာမည်အကြီးဆုံး ဘီယာအမှတ်တံဆိပ်က ခုတော့ အဆင့်လည်း အလိုလိုကျသွားတယ်။” လို့ ယူဂေါ့ဗ် ဘက်က ဆိုပါတယ်။
အခြားအခြေအနေတစ်ရပ် အနေနဲ့ကတော့ ဘီယာလုပ်ငန်း ရှယ်ယာဈေးထိုးကျသွားတာက နွေရာသီ အားလပ်ရက်တွေနဲ့လည်း ပက်သက်နေကြောင်း မှန်းဆထားကြပါတယ်။
source: bloomberg, yougov, corona beer
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။ orio economics