0

သမ္မတရှီကျင့်ဖင်၏ ဗိုင်းရပ်စ်ဖြေရှင်းပုံအား ဝေဖန်သည့်တရုတ်စီးပွားရေးတိုင်ကွန်တဦး ထောင်ဒဏ် ၁၈ နှစ်ချမှတ်ခံရ

Share

သမ္မတ ရှီကျင့်ဖင်၏ ကိုရိုးနားဗိုင်းရပ်စ်ကိုင်တွယ်ပုံနှင့် ပတ်သက်၍ ဝေဖန်ခဲ့သည့် တရုတ်စီးပွားရေး ဘီလျံနာတဦးသည် လာဘ်စားမှုဖြင့် ထောင်ဒဏ် ၁၈ နှစ် ချမှတ်ခံခဲ့ရကြောင်း တရားရုံးကပြီးခဲ့သည့် အင်္ဂါနေ့က ပြောကြားခဲ့သည်။

တရုတ်အာဏာပိုင်များနှင့် ရင်းနှီးမှုရှိသည့် အငြိမ်းစား အိမ်ခြံမြေလုပ်ငန်းရှင် Ren Zhiqiang သည် သမ္မတ ရှီ ၏ ကိုရိုးနားဗိုင်းရပ်စ်ပြဿနာ ကိုင်တွယ်ဖြေရှင်းပုံကို တုန့်ပြန်ထားသော အက်ဆေး တစ်ပုဒ်ရေးသားခဲ့ပြီးနောက်တွင် မတ်လမှစတင်၍ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။

အင်္ဂါနေ့တွင် ဘေဂျင်းတရားရုံး၌ အများပိုင်ရန်ပုံငွေ ဒေါ်လာ ၁၆.၃ သန်း (ယွမ် ၁၁၀.၆ သန်း) အား အလွဲသုံးစားလုပ်မှု၊ လာဘ်ထိုးငွေရယူမှု၊ အစိုးရပိုင်အဆောက်အဦအား အာဏာသုံးအလွဲသုံးစားပြုမှုကြောင်း ဒေါ်လာ ၁၇.၂ သန်း (ယွမ် ၁၁၆.၇ သန်း) ဆုံးရှုံးမှု စသည့်ပြစ်မှုအများအပြားဖြင့် Ren သည် တရားစွဲခံခဲ့ရကြောင်း တွေ့ရှိရသည်။

တရားသူကြီးများက Ren အား ထောင်ဒဏ် ၁၈ နှစ်နှင့် ဒဏ်ငွေ ဒေါ်လာ ၆၂၀,၀၀၀ (ယွမ် ၄.၂ သန်း) ချမှတ်ခဲ့သည်။ တရားရုံးက သူ၏အပြစ်အားလုံးကို ဝန်ခံပြီး သူ၏တရားမဝင်ပိုင်ဆိုင်ထားမှုများ ပြန်လည်ပေးအပ်ပြီးနောက်တွင် တရားရုံးချမှတ်သော ပြစ်ဒဏ်များကိုခံယူမည်ဟု ဆိုသည်။

ဥပဒေရေးရာလေ့လာသူများ၏ တွေ့ရှိချက်အရ တရုတ်၏ တရားစီရင်ရေးစနစ်တွင် ပြစ်ဒဏ်စီရင်ချက်ချမှုမှာ ၉၉%ရှိပြီး ကွန်မြူနစ်ပါဝင်အားဆန့်ကျင်သူ သို့မဟုတ် ငြိစွန်းသူများအား လာဘ်စားမှုပြစ်ဒဏ်များဖြင့် ပြစ်ဒဏ်ချမှတ်လေ့ရှိကြောင်း တွေ့ရှိရသည်။

Ren အားချမှတ်လိုက်သည့် ကြီးလေးသည့်ပြစ်ဒဏ်များက သမ္မတ ရှီ အား ပမာမခန့်လုပ်ခြင်း၊ အများပြည်သူရှေ့တွင် ဝေဖန်ခြင်းတို့ကို ရှီက ငြိမ်ခံနေမည်မဟုတ်ကြောင်း တရုတ် အထက်တန်းအလွှာမှအခြားအဖွဲ့ဝင်များအား အသိပေးလိုက်သည့် သဘောပင်ဖြစ်သည်။

‘The Cannon’
ကွန်မြူနစ်ပါတီမှခြယ်လှယ်ထားသော အထက်တန်းလွှာမိသားစုမှ မွေးဖွားလာသည့် အသက် ၆၉ နှစ်အရွယ် Ren က အာဏာပိုင်များခွင့်ပြုထားသည့် အတိုင်းအတာထက်ကျော်လွန်၍ တရုတ်နိုင်ငံရေးအပေါ် ဝေဖန်ခဲ့ဖူးသည်။ ထို့နောက် လူမှုကွန်ရက်ပေါ်တွင် “The Cannon” ဟူသည့် ကလောင်အမည် ထားရှိခဲ့သည်။

မတ်လတွင် Ren ရေးသားခဲ့သော အက်ဆေးတွင် ပါတီ၏ စာနယ်ဇင်းလွတ်လပ်ခွင့် ချိုးဖောက်မှုနှင့် သဘောထားကွဲလွဲမှုအပေါ် သည်းငြီးခံမှုမရှိသည့်အကြောင်း ပုတ်ခတ်ရေးသားခဲ့ပြီး အက်ဆေးတွင် သမ္မတ ရှီ ၏အမည်အား တိုက်ရိုက်ထည့်သွင်းခဲ့ခြင်းမရှိသော်လည်း နိုင်ငံ၏ ထိပ်သီးခေါင်းဆောင်အား အာဏာ ဆာလောင်နေသည့် လူပြက်တဦးနှင့် ခိုင်းနှိုင်းထားပုံမှာ ထင်ရှားသည်။

“ကျွန်တော်မြင်နေရတာ အဆင်တန်ဆာအသစ်တွေ ဆင်မြန်းထားတဲ့ မတ်တပ်ရပ်နေတဲ့အင်ပါယာကြီးမဟုတ်ပဲ အဝတ်အစားတွေခွါချပစ်လိုက်ပြီး အင်ပါယာ လုပ်ချင်နေတဲ့ လူပြက်တဦးကိုသာ မြင်ရပါတယ်” ဟုရေးသားကာ နိုင်ငံတဝှမ်းရှိ ရှီ ၏အစိုးရရုံး ၁၇၀,၀၀၀ သို့ပေးပို့ခဲ့သည်။

အက်ဆေးသည် ကွန်မြူနစ်ပါတီက တရုတ်ပြည်သူများ၏ လုံခြုံရေးထက် ပါတီအာဏာတည်မြဲရေးကိုသာ ဦးစားပေးနေကြောင်း စွပ်စွဲထားသည်။
ပြည်သူများ၏ အကျိုးစီးပွားနှင့် စိတ်ဝင်စားမှုကို ပြသနိုင်သည့် မီဒီယာမရှိပဲ ပြည်သူများ၏ အသက်မှာ ဗိုင်းရပ်စ် အန္တရာယ်ရော ယိုယွင်းနေသော နိုင်ငံရေးစနစ်၏ ခြိမ်းခြောက်မှုကိုပါ ခံစားနေရကြောင်း Ren ကရေးသားထားသည်။

အွန်လိုင်းပေါ်တွင် အက်ဆေးဖြန့်ဝေပြီးသည်နှင့်တပြိုင်နက် Ren ကပျောက်ဆုံးသွားခဲ့ပြီး မိသားစုများက Ren ထန်းသိမ်းခြင်းခံထားရသလားဆိုတာ စိုးရိမ်ပူပန်နေခဲ့ကြသည်။ အာဏာပိုင်များက Ren သည် ဧပြီလအစောပိုင်းကတည်းက လာဘ်စားမှုဖြင့် စုံစမ်းခံနေရကြောင်း ဆိုသည်။

Ren သည် တရုတ်အစိုးရ ခေါင်းဆောင်မှုနှင့် ငြိစွန်းနေသည့် သူ၏ခံစားချက်များအား ထုတ်ဖော်ခြင်းမှာ ပထမဆုံးအကြိမ်မဟုတ်ပေ။

၂၀၁၆ ခုနှစ်တွင် လူမှုကွန်ယက်စာမျက်နှာပေါ်၌ တရုတ်အစိုးရမီဒီယာများက ပါတီအပေါ် လုံးဝဥသုံ သစ္စာရှိရမည်လားဟု ရှီအား မေးခွန်းထုတ်ခဲ့ဖူးသောကြောင့် ထိန်းသိမ်းခံရဖူးသေးသည်။ သူ၏ပါတီအဖွဲ့ဝင်မှု နှင့် Twitter ကဲ့သို့ တရုတ် platform ဖြစ်သော Weibo ပေါ်ရှိ ထင်ရှားသောသူ၏ အကောင့်မှာ တစ်နှစ်ကြာ စောင့်ကြည့်ခံခဲ့ရသည်။

ယခုအကြိမ်တွင်တော့ Ren အတွက် ဒုတိယအခွင့်အရေးမရှိတော့ချေ။ ပြစ်ဒဏ်အပြည့်ခံယူရမည်ဆိုလျှင် သူသည် အသက် ၈၈ နှစ်မှသာ ထောင်မှလွတ်မြောက်မည်ဖြစ်သည်။

ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: CNN’s James Griffiths, Nectar Gan and Ben Westcott contributed reporting.
Photo: CNN

%d bloggers like this: