နိုင်ငံခြား ငွေကြေးရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများမှ တရုတ်ပြည်၏ ငွေတိုက်စာချုပ်များကို ဝယ်ယူမှုသည် မေလတွင် နှစ်ဆကျော် မြင့်တက်လာခဲ့ပြီး ကမ္ဘာ့ ဒုတိယအကြီးဆုံးစီးပွားရေးရှိရာနိုင်ငံအနေဖြင့် အကျိုးအမြတ်များသော စာချုပ်များကြောင့် အခြားတိုင်းပြည်များမှ ငွေများကို ဆွဲဆောင်လာနိုင်နေခဲ့သည်။
တရုတ်အစိုးရ၏ နိုင်ငံခြားငွေလဲနှုန်း စီမံခန့်ခွဲမှုဌာနက သောကြာနေ့တွင် ကိန်းဂဏန်းအပြောင်းအလဲပမာဏများကို ထုတ်ပြန်ခဲ့သည်။
ဧပြီလထက်စာလျှင် ငွေတိုက်စာချုပ်များ ရောင်းချရမှု ၁၀၄% တိုးတက်လာခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၉.၄ ဘီလျံထိ ရှိလာခဲ့သည်။
တရုတ်ဘဏ်များမှလည်း နိုင်ငံခြားငွေလဲနှုန်း အရောင်းအဝယ်သည် ၆၁% မြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၃.၈ ဘီလျံထိ ရှိခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။
ဤသည်မှာ တရုတ်နိုင်ငံသားများနှင့် ကုမ္ပဏီများသည် မိမိတို့လက်ဝယ်ရှိ အမေရိကန်ဒေါ်လာများကို တရုတ် ငွေ ယွမ်အဖြစ်သို့ ပြောင်းလဲလိုနေကြခြင်းဖြစ်ကြောင်းကို ပြသနေခြင်းဖြစ်သည်ဟု ဆိုသည်။
ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများပေးနေသည့် Shanghai Clearing House မှ ထုတ်ပြန်သော အချက်အလက်များအရ တရုတ်ပြည်မကြီးအတွင်းမှ မဟုတ်သော ရင်းနှီးမြှုပ်နှံသူများ၏ တရုတ်ငွေတိုက်စာချုပ်ပိုင်ဆိုင်မှု စုစုပေါင်းမှာ ယွမ်ငွေ ၂.၄၃ ထရီလျံ (အမေရိကန်ဒေါ်လာ ၃၄၃.၄ ဘီလျံ) ထိရှိနေသည်ဟု ဆိုသည်။
တရုတ်ပြည်အတွင်းသို့ နိုင်ငံခြားငွေများ စီးဝင်နေမှုသည် ကမ္ဘာအရပ်ရပ် ငွေကြေးဆိုင်ရာကိစ္စများ Monetary Easing (ကိုဗစ်ကြောင့် နိုင်ငံတကာအစိုးရများ ဈေးကွက်အတွင်း ငွေထိုးထည့်နေရမှုများ) ကြောင့်ဟု သုံးသပ်ထားကြပြီး ကမ္ဘာအရပ်ရပ်ရှိ နိုင်ငံများတွင် ဘဏ်တိုးနှုန်း အနည်းဆုံးအခြေအနေရောက်ရှိနေရာ တရုတ်၏ ငွေတိုက်စာချုပ်များမှာ စိတ်ဝင်စားဖွယ်ရာ ဖြစ်နေသည်။
မော်ဂန်စတန်လေ (Morgan Stanley) မှ တရုတ်စီးပွားရေးပညာရှင် Robin Xing က နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် တရုတ်ပြည်ရှိ ငွေချေးစာချုပ် ဈေးကွက်ကို အလွန်အမင်းစိတ်ဝင်စားမှုများ ရှိနေကြာင်း၊ အစိုးရပိုင် ငွေတိုက်စာချုပ်များဖြစ်ခြင်းကြောင့် အကျိုးအမြတ်ပြန်ရဖို့ရန်လည်း ခိုင်မာနေသည်ဟု ဆိုသည်။
ယခုအခြေအနေတွင် နိုင်ငံခြားငွေ စီးဝင်မှု အားကောင်းစေရန် ရည်ရွယ်၍ တရုတ်ပြည်သူ့ဘဏ် Peoples’ Bank Of China သည် ယခင်က နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် ၁ ဦးလျှင် ငွေကြေး မည်မျှသာ ရင်းနှီးမြှုပ်နှံခွင့်ရှိသည်ဟူသော စည်းကမ်းသတ်မှတ်ချက်များကို ယခင်လက ပယ်ဖျက်ခဲ့ပြီး ၎င်းတို့စိတ်ကြိုက်ပမာဏ ရောင်းဝယ်မှု ပြုလုပ်ရန် ခွင့်ပြုခဲ့သည်။
ပြီးခဲ့သည့် လ အကုန်တွင် နိုင်ငံခြားတိုင်းပြည်များမှ ဗဟိုဘဏ်များအပါအဝင် အဖွဲ့အစည်းပေါင်း ၈၂၈ ခုသည် တရုတ်ငွေတိုက်စာချုပ်များကို ဝယ်ယူခဲ့ပြီး တရုတ်ပြည်မကြီးတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့သည်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Orio Economics
Source: South China Morning Post, Shutterstock