ဆွစ်ဇာလန်၊ ဇူးရစ်အခြေစိုက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဘဏ်လုပ်ငန်းကြီးဖြစ်သော UBS AG က တရုတ်နိုင်ငံသည် ၎င်းတို့၏ လစ်သီယမ်သတ္ထုတူးဖေါ်ရေးများကို အရှိန်မြှင့်ရန်ကြိုးပမ်းနေမှုများကြောင့် ယခု ဆယ်စုနှစ်၏ အလယ်လောက်တွင် တကမ္ဘာလုံးစုစုပေါင်း လစ်သီယမ်ထုတ်လုပ်ရေး၏ ၃ ပုံ ၁ ပုံ အထိ ပိုင်ဆိုင်လာနိုင်ဖွယ်ရှိသည်ဟု ထုတ်ပြန်ခဲ့သည်။
တရုတ်ပြည်မကြီးရှိ လစ်သီယမ်တူးဖေါ်ရေးနေရာများနှင့် အာဖရိကရှိ မိုင်းတွင်းနေရာများမှ လစ်သီယမ် တန်ချိန် ၁၉၄,၀၀၀ ကို ၂၀၂၂ အတွင်း တူးဖေါ်နိုင်ခဲ့ပြီး အဆိုပါ စီမံကိန်းများကို လာမည့် ၂၀၂၅ တွင် တန်ချိန် ၇ သိန်းကျော် (၇၀၅,၀၀၀) အထိ ထုတ်လုပ်နိုင်ရန်လုပ်ဆောင်နေသည်ဟု UBS AG ဘဏ်က ခန့်မှန်းလျက်ရှိသည်။
အဆိုပါ ရည်မှန်းချက်သာပြည့်မီပါက လျှပ်စစ်ကား ဘက်ထရီများတွင် အသုံးပြုသည့် လစ်သီယမ်ကို တကမ္ဘာလုံးရှိ ဘက်ထရီစက်ရုံများအတွက် တရုတ် ၁ နိုင်ငံတည်းက ၃၂% အထိ ထောက်ပံ့နိုင်မည်ဖြစ်သည်ဟု သိရသည်။
ဥရောပသမဂ္ဂ EU ကမူ လာမည့် ၂၀၅၀ တွင် ဥရောပနိုင်ငံများအနေဖြင့် လက်ရှိ လစ်သီယမ်လိုအပ်မှုထက် ၅၇ ဆ ပိုမိုလိုအပ်လာမည်ဟု ခန့်မှန်းထားပြီး သတ္ထုကုန်ကြမ်းများသည် ယနေ့ လောင်စာဆီနှင့် ဓါတ်ငွေ့ကဲ့သို့ အရေးကြီးလာမည်ဟု ထုတ်ပြန်ထားသည်။
ဥရောပအဖွဲ့ဝင်နိုင်ငံများသည် တရုတ်နိုင်ငံကဲ့သို့ ပြည်တွင်းတွင် လုံလောက်သော လစ်သီယမ် ကိုယ်ပိုင်တူးဖေါ်ရေးနေရာများ မရှိဘဲ ရုရှားကဲ့သို့ နိုင်ငံက စီးပွားရေးပိတ်ဆို့မှုအပေါ်တုံ့ပြန်၍ ဓါတ်ငွေ့ပိုက်လိုင်းများ ပိတ်လိုက်ချိန်တွင် အခက်အခဲများစွာကြုံခဲ့ရပြီး စွမ်းအင်ဆိုင်ရာလုံခြုံရေး အတွက် မေးခွန်းထုတ်စရာဖြစ်နေခဲ့သည်။
သန့်စင်သောစွမ်းအင်အရေးနှင့်ပတ်သက်လျှင် ချီလီနှင့် ဩစတေးလျတို့မှာ လစ်သီယမ်တွင် အရေးပါသူများဖြစ်နေကြပြီး တကမ္ဘာလုံး၏ ကိုဘော့သတ္ထု ၇၀% ကို အာဖရိကရှိ ကွန်ဂိုနိုင်ငံက ထုတ်လုပ်လျက်ရှိသည်။
သို့သော်လည်း အားလုံးကို ခြုံငုံတွက်ကြည့်လိုက်လျှင် (သတ္ထုတူးဖေါ်ရေးနှင့် သတ္ထုကုန်ကြမ်းများရရှိရေးတို့တွင်) တရုတ်နိုင်ငံက ကြီးစိုးနေဆဲဖြစ်သည်ဟု Politico က ဖေါ်ပြခဲ့သည်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Economic Times: India Times, Politico, South China Morning Post, Business World
Image: Yucatan