ချစ်ပ်ပြားအတွက် အရေးပါသောသတ္ထုများတင်ပို့မှု တရုတ်ကန့်သတ်

Share

အမေရိကန်ပြည်ထောင်စု၏ တရုတ်အပေါ် နည်းပညာဆိုင်ရာ ပိတ်ဆို့မှုများကို တုံ့ပြန်ရန် တရုတ်နိုင်ငံက တပိုင်းလျှပ်ကူးပစ္စည်း (ချပ်စ်ပြား) များ ထုတ်လုပ်ရေးတွင် အရေးပါသော သတ္ထု အမျိုးအစား ၂ မျိုးကို ပြည်ပသို့ တင်ပို့နေမှုများအား ကန့်သတ်လိုက်သည်။

ယခင်က အဆိုပါတပိုင်းလျှပ်ကူးပစ္စည်း (semiconductors) များ ထုတ်လုပ်ရေးတွင် အဓိကကျသည် ဆီလီကွန်ကို တရုတ်နိုင်ငံက ကမ္ဘာ့ဈေးကွက်၏ ၇၀% ကို ချုပ်ကိုင်ထားနိုင်ခြင်းကိုသာ အများက အာရုံစိုက်ခဲ့ကြသည်။
ယခုတွင်မူ နောက်ထပ် Germanium နှင့် Gallium ဆိုသော သတ္ထု ၂ မျိုးအား နိုင်ငံခြားသို့ တင်ပို့နေမှုများကို တရုတ်နိုင်ငံက ကန့်သတ်လိုက်သည်။

ဂျာမေနီယံ (Germanium) နှင့် ဂယ်လီယမ် (Gallium) တို့သည် သဘာဝ အတိုင်း တူးဖေါ်တွေ့ရှိနိုင်သည့် သတ္ထုများ မဟုတ်ဘဲ အခြား သတ္ထုများကို သန့်စင်ရာမှ ဘေးထွက်ပစ္စည်းအဖြစ် ရရှိနိုင်သော အရေးပါ သတ္ထုများ ဖြစ်ကြသည်။
Germanium ကို Zinc (သွပ်) ထုတ်လုပ်ရာမှ ထွက်ရှိလာနိုင်ပြီး ငွေဖြူရောင် ရှိသည်။
Gallium မှာ ဘောက်ဆိုက် နှင့် zinc သတ္ထုရိုင်းများကို သန့်စင်ရာမှ ထွက်လာသော သတ္ထုဖြစ်ကာ ပျော့ပြောင်း၍ ငွေသတ္ထုရောင်ပင်ဖြစ်သည်။

Germanium ကို နေရောင်ခြည်စွမ်းအင်ဆိုင်ရာ ထုတ်ကုန်များ ၊ fiber optics ကို ဖိုက်ဘာဆက်သွယ်ရေးကေဘယ်များ၊ စစ်ဘက်ဆိုင်ရာ အနီအောက်ရောင်ခြည် ဖမ်းယူမှုဆိုင်ရာ ဆက်စပ်ပစ္စည်းများ၊ ညကြည့် မျက်မှန်များ စသည်တို့တွင် အသုံးပြုသည့်အပြင် Germanium ပါဝင်သော ဆိုလာပြားများကို အာကာသထဲတွင် တပ်ဆင်ရန်လည်း အသုံးပြုကြသည်ဟု သိရသည်။

Gallium ကို ဖုန်းများ၊ ဂြိုလ်တုဆက်သွယ်ရေးကိရိယာများ ထုတ်လုပ်ရာတွင် အရေးပါသော Gallium Arsenide ဓါတ်ပေါင်းအဖြစ်အသုံးပြုကြသည်။
အဆိုပါ သတ္ထု ၂ မျိုးစလုံးသည် တပိုင်းလျှပ်ကူးပစ္စည်း (chips/semiconductros) များ ထုတ်လုပ်ရေးတွင် အဓိကကျသော သတ္ထုများဖြစ်သည့် အတွက် ဖုန်း၊ ကားမှသည် စစ်ဘက်ဆိုင်ရာ နည်းပညာမြင့် လျှပ်စစ်ပစ္စည်းထုတ်လုပ်ရေးများ တွင် အရေးပါလျက်ရှိသည်။

အဆိုပါ သတ္ထုများသည် အခြား သတ္ထုများကို သန့်စင်ရာမှ ထွက်ရှိသော (သဘာဝ အတိုင်း တူးထုတ်၍ မရသည့်) metals များ ဖြစ်သလို Germanium သတ္ထုကို တရုတ်နိုင်ငံက ကမ္ဘာ့စုစုပေါင်းထုတ်လုပ်နိုင်စွမ်း၏ ၆၀% ၊ Gallium ကို တရုတ်နိုင်ငံက ၈၀% အထိ ထုတ်လုပ်နိုင်လျက်ရှိသည်။

ယခု ကန့်သတ်ချက်သည် တရုတ်နိုင်ငံ၏ နည်းပညာကဏ္ဍအား ပူးပေါင်း ပိတ်ဆို့မှုများ ပြုလုပ်နေသည့် အမေရိကန်ပြည်ထောင်စု၊ ဂျပန်နှင့် နယ်သာလန်တို့အတွက် တုံ့ပြန်မှုဖြစ်ပြီး သတိပေးသည့် အနေဖြင့် စတင်သည့် လုပ်ဆောင်ချက်ဖြစ်နိုင်ကြောင်း အကြံပေးလုပ်ငန်း Eurasia Group က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: CNBC Business, Reuters Business, ASML, IEEE Org, Newtop Silicone, RSC Org
Image: Encyclopedia Britannica

%d bloggers like this: