စင်္ကာပူနိုင်ငံရဲ့ ကိုဗစ်ကုန်သွယ်မှု သဘောတူညီချက်မှာ ပါဝင်ဖို့ တရုတ်နိုင်ငံက ကတိပြုလိုက်ပြီဖြစ်ကြောင်း စင်္ကာပူကုန်သွယ်ရေးနဲ့ စက်မှုဝန်ကြီးဌာနက မနေ့က ကြာသပတေးနေ့မှာ အတည်ပြုပြောကြားလိုက်ပါတယ်။ ကိုဗစ်ကုန်သွယ်မှု သဘောတူညီချက်ဆိုတာကတော့ ပြီးခဲ့တဲ့ မတ်လမှာတုန်းက စင်္ကာပူနဲ့ နယူးဇီလန်နိုင်ငံတို့ ကမကထလုပ်ပြီး အကောင်အထည်ဖော်ခဲ့တဲ့ သဘောတူညီချက်ဖြစ်ကာ အဓိကရည်ရွယ်ချက်ကတော့ ကိုရိုနာကပ်ရောဂါကြီး ဖြစ်ပွားနေစဉ်အတွင်း မရှိမဖြစ်လိုအပ်တဲ့ ကုန်ပစ္စည်းတွေကို ကုန်း၊ ရေ၊ လေ တစ်ခုခုကနေ လွတ်လပ်စွာကုန်သွယ်ခွင့်ပေးရန်ဆိုတဲ့ ခေါင်းစဉ်နဲ့ဖြစ်ပါတယ်။
အဲဒီအချိန်တုန်းက နိုင်ငံတွေတော်တော်များများဟာ ကိုဗစ်-၁၉ကြောင့် နိုင်ငံတွင်း လူအဝင်အထွက်သာမက ကုန်သွယ်ရေးလမ်းကြောင်းတွေဖြစ်တဲ့ နယ်စပ်ကုန်သွယ်ရေးတွေ၊ သင်္ဘောဆိပ်ကမ်းတွေ၊ လေဆိပ်တွေကိုပါ ပိတ်ပင်ထားတဲ့ အချိန်ပါ။ ဒီလိုအချိန်မှာ စင်္ကာပူတို့လို အခြေခံစားသောက်ကုန် လောက်လောက်လားလားမထုတ်လုပ်နိုင်တဲ့ နိုင်ငံတွေဟာ panic buying ကြောင့် အစားရိက္ခာနဲ့ ဆေးဝါးတွေပြတ်လပ်ကုန်မှာကို စိုးရိမ်တဲ့အတွက် စင်္ကာပူအစိုးရရယ်၊ နယူးဇီလန်အစိုးရရယ်က ဦးဆောင်ကာ တခြားနိုင်ငံ (၅)နိုင်ငံနဲ့ အထက်ဖော်ပြပါ ကိုဗစ်ကုန်သွယ်မှုသဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ပါတယ်။ ဒီနိုင်ငံတွေထဲမှာ ကျွန်တော်တို့ မြန်မာနိုင်ငံလဲပါဝင်ပြီး ကျန်တဲ့နိုင်ငံတွေကတော့ သြစတြေးလျ၊ ချီလီ၊ ကနေဒါနဲ့ ဘရူနိုင်းတို့ပဲဖြစ်ပါတယ်။
မတ်လကနေစလို့ တခြားနိုင်ငံတွေလည်း တဖြည်းဖြည်းပါဝင်လာခဲ့တာ ခုဆိုရင် တရုတ်နိုင်ငံဟာ ဒီသဘောတူညီချက်ကို လက်မှတ်ထိုးတဲ့ ၁၂ခုမြောက် နိုင်ငံဖြစ်ပါတယ်။ စင်္ကာပူကုန်သွယ်ရေးနဲ့ စက်မှုဝန်ကြီးဌာန ဝန်ကြီး Chan Cun Sing ကတော့ “ခုဆိုရင် ကျွန်တော်တို့နဲ့ တူတူ တစ်လှေတည်းစီး တစ်ခရီးတည်းသွားမဲ့ လက်တွဲဖော် ၁၂နိုင်ငံဖြစ်သွားပါပြီ။ ဒါဟာ ဘာကိုလှစ်ဟပြနေလည်းဆိုတော့ အရေးကြုံရင် စုပေါင်းလုပ်ဆောင်ကြပြီး ဒီလိုမျိုးကပ်ရောဂါကြီးတွေကို ကြံ့ကြံ့ခံနိုင်တယ်ဆိုတာပါပဲ။ ကျွန်တော်တို့တွေဟာ ဒီကုန်သွယ်မှုသဘောတူညီချက်တည်းကအတိုင်း လိုအပ်တဲ့အခြေခံ စားသောက်ကုန်တွေရယ် ဆေးဝါးတွေရယ်ကို ကပ်ရောဂါကြီး မပြီးမချင်း ကန့်သတ်မှုတွေ ဖြေလျော့ပြီး Supply Chain ကြီးကိုထိန်းထားမှာပါ။ ဒီတော့ တခြားစိတ်ဝင်စားတဲ့ နိုင်ငံတွေလည်း နောက်ထပ်ပါဝင် ပူးပေါင်းကြလိမ့်မယ်လို့ မျှော်လင့်ပါကြောင်း” ပြောကြားသွားပါတယ်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: The Straits Times
Photo: Samuel Wolfl/Pexel