0

နိုင်ဂျီးရီယားရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုဖြစ်သော ဒေါ်လာ ၂.၈ ဘီလျံတန် ဓါတ်ငွေ့ပိုက်လိုင်း စတင်တည်ဆောက်

Share

အာဖရိကတွင် ရေနံနှင့် သဘာဝဓါတ်ငွေ့အများဆုံးထွက်ရှိသည့် နိုင်ငံသည် နိုင်ဂျီးရီးယားဖြစ်သော်လည်း နိုင်ငံတွင် စွမ်းအင်သုံးစွဲနိုင်ရေးမှာ မလောက်မင ဖြစ်နေဆဲဖြစ်သည်။

နိုင်ဂျီးရီးယားနိုင်ငံသည် တစ်ရက်လျှင် ရေနံစိမ်း စည်ပေါင်း ၂.၅ သန်း ထုတ်လုပ်နိုင်ပြီး အာဖရိကတွင် ရေနံထုတ်လုပ်မှု အဆင့် ၁ ဖြစ်၍ ကမ္ဘာ့ရေနံထုတ်လုပ်သူအဆင့်မှာ ၆ ဖြစ်သည်။

ယခုအခါတွင် တရုတ်ပြည်မှ ဒေါ်လာ ၂.၈ ဘီလျံတန်ဖိုးရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားသည့် ဓါတ်ငွေ့ပိုက်လိုင်း တည်ဆောက်မှုကို စတင်ပြီဖြစ်ကြောင်း နိုင်ဂျီးရီးယား သမ္မတ မိုဟမ်မာဒူ ဘူဟာရီ (Muhammadu Buhari) က အင်္ဂါနေ့တွင် ကြေငြာခဲ့သည်။

နိုင်ဂျီးရီးယားတနိုင်ငံလုံးကို ဖြတ်ကျော်တည်ဆောက်မည့် Trans-Nigeria Gas Pipeline (TNGP) ၆၁၄ ကီလိုမီတာ အရှည်ရှိ ပိုက်လိုင်းကို တရုတ်ကုမ္ပဏီများမှ တည်ဆောက်မည်ဖြစ်ပြီး ၂ နှစ်အတွင်း အပြီးသတ်မည်ဟု မျှော်လင့်ထားကြသည်။

Ajaokuta-Kaduna-Kano မြို့များကို ဆက်သွယ်မည့် အတိုကောက် AKK သည် ပထမ အဆင့်ဖြစ်ပြီး ထိုပိုက်လိုင်းကြောင့် ဓါတ်ငွေလောင်စာသုံး စက်ရုံလုပ်ငန်းများအတွက် လျှပ်စစ်နှင့် စွမ်းအင်များ လုံလုံလောက်လောက်ထောက်ပံ့ပေးနိုင်မည်ဟု သမ္မတ ဘူဟာရီက ဆိုသည်။

ယခု စီမံကိန်းကို တရုတ်ဘဏ်များနှင့် တရုတ်ကော်ပိုရေးရှင်း Sinosure တို့မှ ငွေကြေးထောက်ပံ့ပေးထားခြင်းဖြစ်ပြီး စီမံကိန်းစရိတ်၏ ၈၅% ကို Sinosure မှ အကုန်အကျခံထားကာ တွက်ချက်မှုအရ အမေရိကန်ဒေါ်လာ ၂.၈၉ သန်း ဖြစ်သည်။

နိုင်ဂျီးရီးယားအစိုးရသည် ယခုစီမံကိန်းအတွက် တရုတ်ဘဏ် Bank Of China မှ ယခုနှစ်အစောပိုင်းတွင် ကန်ဒေါ်လာ ၂.၆ ဘီလျံကိုလည်း ချေးငွေရယူထားသေးသည်။

စီမံကိန်း၏ ကျန်သည့်ကုန်ကျစရိတ် ကန်ဒေါ်လာ ၄၃၄ သန်းခန့်ကိုမူ Nigerian National Petroleum Corporation (NNPC) လက်အောက်ခံ ကုမ္ပဏီဖြစ်သော The Nigerian Gas Company မှ ကျခံမည်ဖြစ်သည်။

နိုင်ဂျီးရီးယား သမ္မတ ဘူဟာရီက ယခုစီမံကိန်းသည် နိုင်ဂျီးရီးပြည်သူများအတွက်ပင်ဖြစ်ပြီး အောင်မြင်အောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ၎င်းတို့နိုင်ငံ၏ ပုဂ္ဂလိက ကဏ္ဍအတွက် သဘာဝဓါတ်ငွေ့အရင်းအမြစ်များကို အမြင့်ဆုံးအခြေအနေရရှိအောင် လုပ်ဆောင်သွားမည်ဖြစ်ပြီး ရေနံဓါတုဆိုင်ရာနယ်ပယ်အားလုံးစုဆုံရာ နေရာအဖြစ်ဖန်တီးသွားမည်ဟု ဆိုသည်။

နိုင်ဂျီးရီးယား အမျိုးသားရေနံကော်ပိုရေးရှင်း (NNPC) က ယခု ပိုက်လိုင်းမှတဆင့် တစ်နေ့လျှင် ဓါတ်ငွေ့ ကုဗပေ သန်း ၃၅၀၀ ခန့်ကို နိုင်ငံ၏ တောင်ပိုင်းမှ မြောက်ပိုင်းသို့ ပို့ဆောင်နိုင်မည်ဖြစ်ပြီး လမ်းတလျှောက်ရှိ ချည်ထည်လုပ်ငန်းအားလုံးကို အားဖြည့်ပေးနိုင်မည်ဟု ထုတ်ပြန်ထားသည်။

Ajaokuta နှင့် Abuja ကြားရှိ ၂၀၀ ကီလိုမီတာရှည်သည့် အပိုင်းကို ကန်ဒေါ်လာ ၈၅၅ သန်း အကုန်ကျခံကာ တည်ဆောက်သွားမည်ဖြစ်သည်။
ထို့နောက် ဒုတိယအဆင့်အနေဖြင့် Abuja မှ Kaduna ထိ ၁၉၃ ကီလိုမီတာအရှည်ရှိ ပိုက်လိုင်းကို ကန်ဒေါ်လာ ၁.၂ ဘီလျံ အကုန်ကျခံတည်ဆောက်မည်ဖြစ်ပြီး နောက်ဆုံး အပိုင်းကို Kaduna မှ Kano သို့ တည်ဆောက်မည်ဖြစ်သည်။

နိုင်ဂျီးရီးယားဖြတ်ကျော် ဓါတ်ငွေ့ပိုက်လိုင်း TNGP သည် နောက်ဆုံးတွင် အာဖရိက မြောက်ပိုင်းသို့ ရောက်ရှိမည်ဖြစ်ပြီး ဆာဟာရသဲကန္တာရကျော်ဖြတ်ပိုက်လိုင်း Trans-Saharan Gas Pipeline (၄၄၀၀ ကီလိုမီတာအရှည်) ၏ အစိတ်အပိုင်းဖြစ်လာမည်ဖြစ်ကာ ဥရောပရှိ ဖေါက်သည်များဆီသို့ အရောက် ဦးတည်မည်ဖြစ်သည်။

အာဖရိကတိုက်၏ လူဦးရေအထူထပ်ဆုံးနိုင်ငံဖြစ်သော နိုင်ဂျီးရီးယားတွင် တရုတ်ပြည်သည် ဒေါ်လာ ဘီလျံပေါင်းများစွာ ရင်းနှီးမြှုပ်နှံထားပြီး လူဦးရေ သန်း ၂၀၀ ရှိသော အဆိုပါ နိုင်ငံသည် တရုတ်ပြည်မှ ကုန်စည်များ အများဆုံးတင်သွင်းသည့် အာဖရိက နိုင်ငံလည်းဖြစ်သည်။

 

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။

Source: NNPC Group, South China Morning Post, Sinosure, CGTN (Africa)
Image: Naira Metrics

 

%d bloggers like this: