တပိုင်းလျှပ်ကူးပစ္စည်းများ ဖြစ်သည့် အီလက်ထရွန်းနစ် Chips ပြား ထုတ်လုပ်ရေး နယ်ပယ်တွင် အမေရိကန်ပြည်ထောင်စုအပါအဝင် အခြား ပြိုင်ဘက်များကို အမီလိုက်ရန် ဘေဂျင်း အခြေစိုက် အစိုးရက ယွမ်ငွေ ဘီလျံ ၃၀၀ (ကန်ဒေါ်လာ ၄၁ ဘီလျံခန့်) ကို သုံးစွဲတော့မည်ဖြစ်သည်ဟု သိရသည်။
ဆားကစ်ပြားထုတ်လုပ်ရေးအတွက် အသုံးပြုမည့် အဆိုပါ ငွေပမာဏကို the Big Fund ဟု ခေါ်ဆိုပြီး တရုတ်အစိုးရက ရင်းနှီးမြှုပ်နှံမှုအဖြစ် သုံးစွဲမည့် အကြီးဆုံး ရံပုံငွေ ၃ ခုထဲတွင်ပင် အများဆုံး ပမာဏဖြစ်လာဖွယ် ရှိနေသည်။
တရုတ်နိုင်ငံ၌ ၂၀၁၄ ခုနှစ် နှင့် ၂၀၁၉ ခုနှစ်တို့တွင် ယွမ်ငွေ ၁၃၈ ဘီလျံ နှင့် ၂၀၀ ဘီလျံ တို့ကို အသုံးပြုခဲ့သေးသည်။
လွန်ခဲ့သည့် နှစ်များအတွင်း ဝါရှင်တန်အစိုးရက တရုတ် ချစ်ပ်ပြား တင်ပို့ကုန်များအပေါ် တားမြစ် ပိတ်ပင်မှုများ အကြိမ်ကြိမ်ပြုလုပ်ခဲ့ခြင်းကြောင့် ဖိအားများ ကြုံနေခဲ့ရသော သမ္မတ ရှီကျင့်ဖင် က စွမ်းဆောင်ရည်ကောင်းသော ကိုယ်ပိုင်နည်းပညာထုတ်ကုန် semiconductors – တပိုင်းလျှပ်ကူးပစ္စည်းများကို ထုတ်လုပ်အောင်မြင်လိုလျက်ရှိသည်။
အမေရိကန်အစိုးရသာမကပဲ ပြီးခဲ့သည့် နှစ်အတွင်းက နယ်သာလန်နှင့် ဂျပန်တို့ကပါ မဟာမိတ်အဖြစ်ပူးပေါင်းပါဝင်၍ တရုတ် ချစ်ပ်ပြား ထုတ်လုပ်မှုနယ်ပယ်ကို တာားမြစ်ပိတ်ဆို့မှုများ ပြုလုပ်လာခဲ့သည်။
လာမည့် ယွမ်ငွေ ၃၀၀ ဘီလျံ ရင်းနှီးမှုတွင် တရုတ်ဘဏ္ဍာရေးဝန်ကြီးဌာနက ယွမ် ၆၀ ဘီလျံ စိုက်ထုတ်မည်ဖြစ်ပြီး ကျန်ငွေကို မည်သည့်ဘက်မှ လာမည်မသိသေးကြောင်း အစိုးရနှင့် နီးစပ်သည့် သတင်းရင်းမြစ်များက ရိုက်တာသို့ ပြောကြားခဲ့သည်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Reuters Business, Asia Financial, Mobile World Live
Image: Euro News