တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်စပြန့်တုန်းကဆို ကုန်စည်သယ်ယူပို့ဆောင်တဲ့ လမ်းကြောင်းတွေ အကုန်ရပ်သွားခဲ့ပါတယ်။ တရုတ်ရဲ့ အဓိကဆိပ်ကမ်းကြီးတွေ ပိတ်ခဲ့ရသလို၊ လေဆိပ်တွေပိတ်၊ ကားလမ်းတွေပိတ်ဖြစ်ကုန်တာကြောင့် ကုန်စည်တွေ တော်တော်များများဟာ ရောက်ရာအရပ်မှာ သောင်တင်နေခဲ့ကြတာပါ။ ခုတော့ တရုတ်နိုင်ငံက ဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်နိုင်ခဲ့လို့ ဆိပ်ကမ်းတွေ၊ လေဆိပ်တွေ ပြန်လည်ပတ်နေပေမဲ့ ဥရောပကတော့ မျက်ဖြူစိုက်နေပါပြီ။ အရင် တရုတ်ဖြစ်ခဲ့သလိုပဲ ပိတ်ဆို့မှုတွေလုပ်ထားရတဲ့အတွက် ကူညီထောက်ပံံ့ရေး ပစ္စည်းတွေတောင် အဆင့်ဆင့်သယ်နေရပါတယ်။ ခုအခါမှာ တရုတ်က စက်ရုံတွေလည်း ပြန်လည်ပတ်နေပြီဖြစ်တဲ့အတွက် ပိုးလမ်းမသစ်ပေါ်မှာရှိနေတဲ့ တရုတ်-ဥရောပ ရထားလမ်းဟာ အရေးပါတဲ့ ထောက်ပို့လမ်းကြောင်းဖြစ်လာပါပြီ။
ဒီရထားလမ်းဟာ တရုတ်ရဲ့ ခေတ်သစ်ပိုးလမ်းမစီမံကိန်းရဲ့ တစိတ်တပိုင်း အနေနဲ့ ၂၀၁၁ ခုနှစ်မှာ စတင်ဖောက်လုပ်ခဲ့ပြီး တရုတ်နဲ့ ဥရောပနိုင်ငံတွေ ကုန်းတွင်းပိုင်းက ကုန်သွယ်နိုင်ဖို့ မဟာဗျူဟာကျကျ စီမံခဲ့တာပါ။ မှတ်တမ်းတွေအရတော့ ဒီနှစ် ၂၀၂၀ အစပိုင်း ၂လမှာကိုပဲ တရုတ်ရဲ့ စက်မှုမြို့ကြီးတွေကနေ ဥရောပနိုင်ငံတွေကို ခရီးစဉ်ပေါင်း ၁၁၃၂ ကြောင်းသွားခဲ့တယ်လို့ဆိုပါတယ်။ ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ပြန့်လာတဲ့အချိန်မှာတော့ ကုန်စည်စီးဆင်းမှုတွေရပ်တန့်သွားခဲ့ပြီး ရထားခရီးလမ်းကြောင်းတွေအတာ်ကြဲသွားခဲ့ပါတယ်။ ဒါပေမဲ့ ခုချိန်မှာတော့ တရုတ်မှာ အကုန်လုံးအရင်အတိုင်းပြန်လည်ပတ်နေပြီဖြစ်လို့ မကြာခင်မှာ ရထားခရီးစဉ်တွေပြန်စတင်တော့မှာပါ။ တရုတ်ဘက်က တာဝန်ရှိသူတွေကတော့ သူတို့ဟာကုန်စည်တွေကို ကွန်တိန်နာတွေထဲလုံခြုံအောင်ထည့်၊ ပြီးမှ ကွန်တိန်နာကို ပိုးသတ်ပြီးတင်ပို့တာဖြစ်လို့ တခြားလမ်းကြောင်းတွေထက် ပိုပြီးစိတ်ချရတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၁ရက်နေ့ကတော့ တရုတ်နိုင်ငံ ယီဝူမြို့ကနေ စပိန်နိုင်ငံ မက်ဒရစ်မြို့ကို ရထားခရီးစဉ်တစ်ခု ထွက်ခွါသွားခဲ့ပါတယ်။ ဒီထဲမှာတော့ တရုတ်နိုင်ငံကနေ လှူလိုက်တဲ့ နှားခေါင်းစည်းတွေ၊ ကာကွယ်ရေးဝတ်စုံတွေ၊ အရေးပေါ်ဓါတ်ခွဲစမ်းသပ်ကိရိယာတွေ ပါဝင်တာဖြစ်ပြီး ဒါဟာ တရုတ်အစိုးရကနေ စပိန်အစိုးရကို လှူဒန်းတဲ့ ပထမအသုတ် Covid-19 ကာကွယ်ရေးပစ္စည်းတွေဖြစ်ပါတယ်။ ဒီရထားဟာ နောက်၂ပတ်လောက်နေရင် မက်ဒရစ်မြို့ကို ရောက်ရှိမှာဖြစ်ပါတယ်။ ဒီရထားလမ်းပိုင်းက ကုန်စည်ပို့ဆောင်ရေး ကုမ္ပဏီတစ်ခုကတော့ ခုလိုမျိူး ဥရောပမှာ ရေကြောင်း၊ လေကြောင်းတွေပိတ်ထားတဲ့ အချိန်မှာ သူတို့အနေနဲ့ တည်ငြိမ်ကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေပေးပြီ ဆေးဝါးနဲ့ အထောက်အပံ့ပစ္စည်းတွေကို ဥရောပနိုင်ငံတွေဆီ အရောက်ပို့ပေးမှာပါလို့ဆိုပါတယ်။ ခုချိန်ဟာ ဒီတရုတ်-ဥရောပ မီးရထားလမ်းရဲ့ ဗျူဟာမြောက်ပုံကို တစ်ကမ္ဘာလုံးက သတိထားမိရမဲ့အချိန်ပါလို့ သူတို့ကထပ်ပြောပါသေးတယ်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: Xinhua
Photo: ChinaDaily