ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှေးကွေးစေရန် ရည်ရွယ်၍ ၆ လအကြာမျှ ပိတ်ထားခဲ့ရသော တရုတ်နိုင်ငံရှိ ရုပ်ရှင်ရုံများကို မကြာမီအချိန်အတွင်း ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ကြောင်းသိရှိရသည်။
တရုတ်နိုင်ငံ ရုပ်ရှင်လုပ်ငန်း အုပ်ချုပ်ရေးအဖွဲ့က ကူးစက်မှု နည်းပါးသော ဧရိယာများရှိ ရုပ်ရှင်ရုံများ အနေဖြင့် ပြန်လည် ဖွင့်လှစ်နိုင်ပြီဖြစ်ကြောင်း ယနေ့ တနင်္လာနေ့တွင် ကြေညာခဲ့သည်။
တရုတ်နိုင်ငံတွင်းရှိ ရုပ်ရှင်ရုံများကို ဇန်နဝါရီလမှ စတင်၍ ပိတ်ထားခဲ့ရခြင်းကြောင့် စီးပွားရေး အရ ဆိုးဆိုးရွားရွား ထိခိုက်မှုများရှိခဲ့ကာ အချို့သော ရုပ်ရှင်ရုံလုပ်ငန်းများမှ အပြီး ပိတ်သိမ်းကာ လုပ်ငန်းကို စွန့်ခွာခဲ့ရပြီးဖြစ်သည်။
ယခု ပြန်လည်ဖွင့်လှစ်ခွင့်ပြုမည့် ရုပ်ရှင်ရုံများတွင် လိုက်နာရမည့် စည်းမျဉ်း စည်းကမ်းများကို ထုတ်ပြန်ထားပြီး ရုံဝင်ဆံ့သော လူဦးရေ၏ ၃၀% ကိုသာ ဝင်ရောက်ခွင့် ပြုရမည်ဖြစ်ပြီး ပြသမည့် ဇာတ်ကား အကြိမ်ရေကိုလည်း ၅၀% ထိ လျှော့ချ ခိုင်းထားသည်။
ရုံလက်မှတ်များကို အင်တာနက်၊ အွန်လိုင်းမှသာ ဝယ်ယူရမည်ဖြစ်ပြီး လာရောက်ကြည့်ရှုသူ ပရိတ်သတ်များအနေဖြင့် အနည်းဆုံး ၁ မီတာ အကွာစီတွင် ထိုင်ရမည်ဖြစ်သည်။
ရုပ်ရှင်ရုံအတွင်း အစားအသောက်များယူဆောင်ခြင်း ကို လုံးဝခွင့်ပြုမည်မဟုတ်ချေ။
ယခုစည်းမျဉ်းများသည် ကာလရှည် စီးပွားရေး ထိခိုက်လာလျက်ရှိသော ရုပ်ရှင်ရုံလုပ်ငန်းနယ်ပယ်အတွက် အထိနာစေဦးမည့် စည်းမျဉ်းများဖြစ်သည်။
ကမ္ဘာတဝှမ်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများအတွက် တရုတ်နိုင်ငံသည် စတင်ဖြစ်ပွားရာနိုင်ငံဖြစ်ပြီး ရုပ်ရှင်လောကတွင်လည်း တရုတ်နိုင်ငံသည် ဒုတိယအကြီးဆုံး ရုပ်ရှင်ဈေးကွက်ရှိရာ နိုင်ငံဖြစ်သည်။
သို့သော်လည်း လက်ရှိကပ်ဘေးအခြေအနေများကြောင့် ပြည်တွင်းရုပ်ရှင်ကားများနှင့် ဟောလိဝုဒ်ကဲ့သို့ နိုင်ငံခြားရုပ်ရှင်များအတွက်ပါ ဈေးကွက်အကြီးအကျယ်ကျဆင်းခဲ့ရသည်။
တရုတ်ပြည်၏ အကြီးဆုံး ရုပ်ရှင်ရုံလုပ်ငန်းကြီးဖြစ်သည့် Wanda Film သည် တရုတ်နိုင်ငံအတွင်း ရုပ်ရှင်ရုံပေါင်း ၆၀၀ ကျော် ပိုင်ဆိုင်ပြီး ၎င်းတို့အနေဖြင့် ပထမ ၆ လ ပိတ်ခဲ့ရသည့် အကျိုးဆက်ကြောင့် ယွမ် ငွေ ၁.၆ ဘီလျံ (ပေါင် စတာလင် ၁၈၂ သန်း) ခန့် ဆုံးရှုံးခဲ့ရသည်ဟု ထုတ်ပြန်ခဲ့သည်။
ယမန်နှစ်ကာလတူအခြေအနေတွင် ဝမ်ဒါ ရုပ်ရှင်လုပ်ငန်းစုသည် ယွမ်ငွေ ၅၂၄ သန်းမျှ အမြတ်ရရှိပြီးဖြစ်သည်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: BBC Business
Image: Getty Images