Chevron Australia သဘာဝဓါတ်ငွေ့ ပရော့ဂျက်တွင် ဝန်ထမ်းများ ဆန္ဒပြမှုကြောင့် စွမ်းအင်စျေးကွက် မတည်မငြိမ်ဖြစ်

Share

အလုပ်သမားသမဂ္ဂနှင့် Chevron ကုမ္ပဏီတို့အကြား ငါးရက်တာ ဆွေးနွေးမှုအတွင်း သဘောတူညီမှု တစုံတရာမရရှိခဲ့သဖြင့် Chevron ဩစတြေးလျ သဘာဝဓါတ်ငွေ့ ပရော့ဂျက်တွင် လုပ်ကိုင်နေကြသော ဝန်ထမ်းများသည်သောကြာနေ့မှ စတင်ကာ အလုပ်မဆင်းခြင်းဖြင့် ဆန္ဒပြနေကြပြီဖြစ်သည်။

အမေရိကန် စွမ်းအင်ကုမ္ပဏီကြီးဖြစ်သော Chevron အဆိုပါ ဩစတြေးလျ သဘာဝဓါတ်ငွေ့ ပရော့ဂျက်သည်ကမ္ဘာ့သဘာဝဓါတ်ငွေ့ထုတ်လုပ်မှု၏ ရာခိုင်အထိ ကိုယ်စားပြုလေရာ ယခုဖြစ်ရပ်ကြောင့် ကမ္ဘာ့စွမ်းအင်စျေးနှုန်းများ ပိုမိုမြင့်တက်ဖွယ်ရှိကြောင်း သတင်းဌာနများက ရေးသားကြသည်။

စွမ်းအင်အလုပ်သမားများ သမဂ္ဂဖြစ်သော Offshore Alliance နှင့် Chevron ကုမ္ပဏီတို့အကြား ကြားဝင်စေ့စပ်ပေးသော ဩစတြေးလျ အစိုးရအဖွဲ့အစည်းဖြစ်သည့် Fair Work Commission အဖွဲ့၏ ပြောကြားချက်အရနောက်ထပ်တွေ့ဆုံဆွေးနွေးမည့်ရက်မှာ သတ်မှတ်ရခြင်း မရှိသေးဘဲ နှစ်ဘက်တင်းမာလျက်ရှိကြောင်း သိရသည်။

ဩစတြေးလျသည် ကမ္ဘာ့အကြီးဆုံး သဘာဝဓါတ်ငွေ့တင်ပို့သည့်နိုင်ငံဖြစ်ပြီး အဓိက တင်ပို့သည့်ဒေသမှာ အာရှသို့ဖြစ်သော်လည်း ယခုပြဿနာဖြစ်ပွါးလျက်ရှိသည့် Chevron Gorgon နှင့် Wheatstone ဆိုက်နှစ်ခုမှ ထွက်ရှိသော ဓါတ်ငွေ့များမှာမူ ဗြိတိန်နှင့် ဥရောပသို့ အဓိကတင်ပို့ခြင်းဖြစ်သည်။

ဩစတြေးလျ စွမ်းအင်လုပ်သားများ သမဂ္ဂ Offshore Alliance ကတော့ Chevron ဘက်မှ ညှိုနှိုင်းမှုသည် ပြီးခဲ့သည့် ၅နှစ်အတွင်း သမဂ္ဂအနေဖြင့် ညှိုနှိုင်းခဲ့ရသည့် အမှုများအတွင်း စိတ်ပျက်စရာအကောင်းဆုံး ဖြစ်ပြီး ၎င်းတို့၏သည်းခံနိုင်စွမ်းမှာ ကုန်သွားပြီဖြစ်ကြောင်း မီဒီယာများသို့ ပြောကြားခဲ့သည်။

သမဂ္ဂသည် လက်ရှိ စွမ်းအင်ကဏ္ဍတွင် သဘောတူညီမှုရရှိထားသည့် မျှခြေထက် ကျော်လွန်၍ တောင်းဆိုမှုများကြောင့် ပြီးခဲ့သည့် ဆွေးနွေးမှု မအောင်မြင်ရခြင်း ဖြစ်ကြောင်း Chevron ပြောရေးဆိုခွင့်ရှိသူကလည်းပြန်လည်ချေပထားခဲ့သည်။

လက်ရှိတွင် ရုရှားယူကရိန်းအရေးကြောင့် ဥရောပနိုင်ငံများသည် ရုရှားမှ ဓါတ်ငွေ့များအစား ဩစတြေးလျပဲ့သို့နိုင်ငံများမှ ဓါတ်ငွေ့များကို တင်သွင်းနေရခြင်းဖြစ်သောကြောင့် ယခုအကြပ်အတည်း ကိုလျှင်မြန်စွာ ပြေလည်သွားရန် မျှော်လင့်လျက်ရှိသည်။

Chevron အနေဖြင့် သမဂ္ဂနှင့် ထပ်မံဆွေးနွေးမှုသည် မဖြစ်နိုင်တော့ဟု ယူဆထားသည့် အတွက် ဩစတြေးလျအလုပ်သမားရေးရာ အဖွဲအစည်းဖြစ်သည့် Fair Work Commission သို့ ဥပဒေအရ ဦးတိုက်လျောက်ထားသည့်နည်းလမ်းကို ရွေးချယ်ရန် စဉ်းစားနေကြောင်း သိရသည်။

အဆိုပါဥပဒေတွင် အလုပ်ရှင်နှင့် အလုပ်သမားအကြား ကာလကြာမြင့်စွာ အဖြေမထွက်ဘဲ ကြန့်ကြာနေပါကကြားခံအဖွဲ့အစည်း၏ ဆုံးဖြတ်ချက်ကို နှစ်ဘက် လိုက်နာရခြင်းဖြစ်သည်။

Chevron ရွေးချယ်မှုသည် အလောင်းအစား ဆန်နေသော်လည်း သမဂ္ဂဘက်မှလည်း စက်ရုံနှစ်ခုစလုံးကိုအလုပ်မဆင်းဘဲ အပြည့်ရပ်နားပစ်ရန် ဆုံးဖြတ်ထားခြင်းဖြစ်ရာ အခြေအနေသည် Fair Work Commission အနေဖြင့် ကြားဝင်ဆုံးဖြတ်ရတော့မည့် အနေအထားဖြစ်သည်။

စက်ရုံများအနေဖြင့် အရံသိုလှောင်ထားသော သဘာဝဓါတ်ငွေ့များ အပြည့်ရှိနေသေးသည့်အတွက် လာမည့်ရက်သတ္တပတ်အနည်းငယ်အထိ ဓါတ်ငွေ့များ ဖြန့်ဖြူးနိုင်ဦးမည်ဟု သိရသည်။

ကူးယူဖော်ပြခွင့်မပြုပါ။

Source: Reuters, CNN

Photo: Reuters

%d bloggers like this: