တည်ထောင်ခဲ့သည့် နှစ်ပေါင်း ၇၆ နှစ်ရှိပြီဖြစ်သည့် ဟောင်ကောင်လေကြောင်းလိုင်း Cathay Pacific သည် လုပ်ငန်းဆက်လက်လည်ပတ်ရန် အစိုးရဘက်မှ ထောက်ပံ့ငွေ ဟောင်ကောင် ဒေါ်လာ ၃၉ ဘီလျံ (အမေရိကန်ဒေါ်လာ ၅ ဘီလျံ သို့မဟုတ် ပေါင်စတာလင် ၄ ဘီလျံ) ရရှိခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကိုရင်ဆိုင်ရာတွင် ကြုံတွေ့လာရသည့် ထိခိုက်မှုများကို ကုစားရန်နှင့် လုပ်ငန်း ဆက်လက်လည်ပတ်နိုင်ရန် အစိုးရနှင့် အပေးအယူများ လုပ်ခဲ့ရသည်။
ယခု ထောက်ပံ့ငွေ ရယူသည့် ကိစ္စတွင် သဘောတူညီချက်အနေဖြင့် ဟောင်ကောင်အစိုးရမှ ရှယ်ယာ ၆% ပြန်လည် ရယူမည်ဖြစ်ပြီး လေကြောင်းလိုင်း၏ ဒါရိုက်တာဘုတ်အဖွဲ့တွင်လည်း ၂ နေရာစာ ယူမည်ဆိုသည့် အချက်များ ပါဝင်ခဲ့သည်။
ကုမ္ပဏီတည်ဆောက်ပုံ ပြန်လည်ရေးဆွဲနေသည်ဖြစ်သောကြောင့် လာမည့် အဆင့်တွင် အကြီးတန်းအရာရှိများ၏ လစာ ဖြတ်တောက်လျှော့ချမှုများ ပါဝင်လာမည်ဖြစ်သည်။
Cathay Pacific သည် ကမ္ဘာပေါ်ရှိ အခြား လေကြောင်းလိုင်းများကဲ့သို့ လုပ်ငန်းရှင်သန်ရန် ရုန်းကန်နေရသည်။
၎င်း၏ လေယာဉ်အများစုကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရပ်နားထားနေရပြီး ကုန်စည်ပို့ဆောင်ရေး လေယာဉ်တစ်စီးသာ ပျံသန်းနေရသည်ဟု ဆိုသည်။
Cathay Pacific အနေဖြင့် အလုပ်ဖြစ်နိုင်သည့် နည်းလမ်းပေါင်းစုံကို ရှာဖွေခဲ့ပြီးဖြစ်ပြီး ယခုကဲ့သို့ အရင်းအနှီးပြန်လည်ရရှိခြင်းက ကပ်ဘေးကြောင့်ဖြစ်ပေါ်လာသော ငွေဖေါ်ရန် အခက်အခဲများကို ပြေလည်စေမည်ဟု ယုံကြည်ကြောင်း ဟောင်ကောင် စတော့အိတ်ချိန်းသို့ ထုတ်ပြန်ချက်ပေးပို့ခဲ့သည်။
အဆိုပါလေကြောင်းသည် နိုင်ငံရပ်ခြားမှ လေယာဉ်မှူးများကို အလုပ်ရပ်နားခဲ့ပြီး အမေရိကန်နှင့် ကနေဒါမှ လေယာဉ်မောင်မယ်များကိုလည်း အလုပ်လျှော့ခဲ့သည်။
သို့သော်လည်း ကုမ္ပဏီ၏ အဓိကကျသော အကြီးတန်းအရာရှိများ၏ အလုပ်များ ဆုံးရှုံးခဲ့ခြင်းမရှိသေးချေ။
Cathay Pacific ကုမ္ပဏီ၏ အဓိကရှယ်ယာရှင်များမှာ Swire Pacific နှင့် Air China တို့ဖြစ်ကြပြီး ယခု ထောက်ပံ့ငွေယူအပြီးတွင် Swire ၏ ပိုင်ဆိုင်မှု ၄၅% မှ ၄၂% သို့ လျော့ကျမည်ဖြစ်ပြီး Air China ၏ ပိုင်ဆိုင်မှုသည်လည်း ၃၀% မှ ၂၈% သို့ အသီးသီးလျော့ကျသွားမည်ဖြစ်သည်။
ကမ္ဘာအရပ်ရပ်ရှိ အစိုးရများသည် ၎င်းတို့နိုင်ငံရှိ လေကြောင်းကုမ္ပဏီများ ဒေဝါလီမခံရစေရန် ကယ်တင်လျက်ရှိပြီး ဂျာမဏီရှိ Lufthansa ကဲ့သို့သော အချို့လေကြောင်းများတွင် အစိုးရက တိုက်ရိုက် ရှယ်ယာပိုင်ဆိုင်မှု ဝင်ရောက်ရယူခြင်းများ ရှိနေသည်။
Cathay Pacific အနေဖြင့် ပြီးခဲ့သည့် ဇန်နဝါရီလမှ ဧပြီလအထိ ဟောင်ကောင်ဒေါ်လာ ၄.၅ ဘီလျံ အထိ ဆုံးရှုံးမှုများရှိခဲ့သည်ဟု ကြေငြာထားရာ ယခုရရှိလာသည့် ဟောင်ကောင် ဒေါ်လာ ၃၉ ဘီလျံ ထောက်ပံ့ငွေပမာဏကိုကြည့်ခြင်းဖြင့် လုပ်ငန်းဆက်လက်လည်ပတ်ရန် ရှယ်ယာများ အစိုးရသို့ ရောင်းခဲ့သည်ဆိုခြင်းထက် ကမ္ဘာ့စီးပွားရေး ကျဆင်းချိန်တွင် ခြေလှမ်းပိုမိုလှမ်းနိုင်ရန် ရင်းနှီးမြှုပ်နှံငွေ ထပ်ထည့်ခြင်းနှင့် ပိုတူနေသည်။
ကုမ္ပဏီသည် Boeing 777-300ER လေယာဉ်များနှင့် ဆက်စပ်ပစ္စည်းများကိုလည်း အမေရိကန်ဒေါ်လာ သန်း ၇၀၀ ပမာဏဖြင့် မတ်လက ရောင်းချခဲ့သေးသည်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Orio Economics
Source: BBC Business, Cathay Pacific Cargo, Financial Times, South China Morning Post, Image Cathay Pacific Cargo, AFP via Getty Images