ယူကရိန်းကို စစ်ပွဲဆင်နွှဲနေသည့် ရုရှားအတွက် ဝင်ငွေပိတ်ပင်ရန် အော့တဝါအခြေစိုက် အစိုးရက ရုရှားမှတင်သွင်းနေသည့် အလူမီနီယံနှင့် သံမဏိထုတ်ကုန်အားလုံးကို ပိတ်ပင်လိုက်သည်ဟု စနေနေ့က ကြေညာခဲ့သည်။
ကနေဒါဘဏ္ဍာရေးဝန်ကြီးဖြစ်သူ ခရစ်စတီယာ ဖရီလန် (Chrystia Freeland) က ၎င်းတို့အနေဖြင့် ရုရှားသမ္မတပူတင်၏ ကျူးကျော်စစ်ဆင်နွှဲနေမှုအား အထောက်အပံ့ဖြစ်စေမည့် ဝင်ငွေရရှိနိုင်သော ကိစ္စအားလုံးကို ဖြတ်တောက်ရန် ကြိုးစားနေသည့် အတွက် ယူကရိန်းသည် ယခုစစ်ပွဲကို အနိုင်ရသင့်ကြောင်း၊ နိုင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကနေဒါနှင့် အနောက်မဟာမိတ်နိုင်ငံများသည် ကျူးကျော်စစ်ကို ဆန့်ကျင်သည့်အနေဖြင့် ရုရှားမှ လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းစုစုပေါင်း ၁,၆၀၀ ကျော်ကို စီးပွားရေး ပိတ်ဆို့မှုများ ချမှတ်ထားခဲ့သည်။
ရုရှားနိုင်ငံသည် ကပ်ဘေးအပြီး ၂၀၂၁ တွင် ကနေဒါသို့ ပို့ကုန်ပမာဏ ပြန်လည်တိုးတက်မှုရရှိခဲ့ပြီး ကပ်ဘေးမတိုင်မီ ပမာဏသို့ ရောက်ရှိခဲ့သေးသည်။
သို့သော်လည်း ယမန်နှစ် ဖေဖေါ်ဝါရီလက စတင်ခဲ့သော စစ်ပွဲနောက်ပိုင်း အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှု ပူးပေါင်းချမှတ်ရာတွင် ကနေဒါလည်း ပါဝင်လာခဲ့သည်။
ရုရှားမှ ကနေဒါသို့ ပို့ကုန်များတွင် နောက်ဆုံးရအချက်အလက်များအရ ဓါတ်မြေဩဇာမှာ ပမာဏအများဆုံးဖြစ်ပြီး ယခု ပိတ်ပင်လိုက်သည့် သံမဏိထုတ်ကုန်များမှာ ဒုတိယအများဆုံး ပို့ကုန်လည်းဖြစ်သည်။
ကနေဒါသည် စီးပွားရေးပိတ်ဆို့မှုအဖြစ် ကနေဒါမှ ရုရှားသို့ ပို့ကုန်များကို တားမြစ်မှုအပြင်၊ ဆော့ဖ်ဝဲလ်များ၊ ဝန်ဆောင်မှုပါဝင်သော အဆင့်မြင့်နည်းပညာများကို ရောင်းချခြင်းများ စသည်တို့ကိုလည်း ပိတ်ပင်ခဲ့ပြီးဖြစ်သည်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Reuters Business, Trading Economics, Sanctions News/ Baker Mc Kenzie, OEC World
Image: REUTERS/Chris Helgren