0

ရင်ထဲမွန်းကြပ်သမျှတွေ ဖွင့်ထုတ်ရိုက်နှက်ပစ်လို့ရတဲ့ Break Bar နယူးယောက်မြို့ လူငယ်တွေကြားမှာ ရေပန်းစားနေ

Share

photo: Break Bar

          တကယ်တော့ Break Bar ဆိုတာ ဆိုင်နာမည်ဖြစ်ပြီး ဒီလိုမျိုး စိတ်ဖိစီးမှုတွေ ပြေပျောက်စေဖို့ ပစ္စည်းတွေရိုက်နှက်လို့ရတဲ့ ဆိုင်တွေကို rage room လို့ခေါ်ပါတယ်။ Break Bar မပေါ်ခင်ကတည်းက အမေရိကန်မှာ ဒီလိုမျိုး ပစ္စည်းတွေ စိတ်ရှိ၊ လက်ရှိရိုက်နှက်လို့ရတဲ့ rage room တွေပေါ်နေတာကြာပါပြီ။ ဒါပေမဲ့ အရင်တုန်းက rage room တွေဟာ ဂိုဒေါင်လိုပုံစံမျိုးတွေဖြစ်ကြပြီး သူတို့က ရိုက်ဖို့၊ နှက်ဖို့ ပစ္စည်းတွေချပေးမယ်၊ ရိုက်ချင်တဲ့လူက ပိုက်ဆံပေး၊ အကာအကွယ်တွေဝတ်၊ ပြီးရင် အားရှိပါးရှိသာရိုက် ဆိုတဲ့ပုံစံမျိုးပါ။ ဒီလို သာမန်ပုံစံ rage room ကနေ Break Bar ဆိုင်ကခွဲထွက်ခဲ့ပါတယ်။
          ဒီတော့ သူတို့ဘာတွေဆန်းသစ်ခဲ့သလဲဆိုတာ ဆက်ပြောပြပါမယ်။ ခု Break Bar ဆိုတဲ့ဆိုင်ကို bar လိုပုံစံမျိုးတည်ဆောက်ထားပြီး ဆိုင်ထဲမှာ ကော့တေးတွေ၊ ဝိုင်တွေ၊ ဘီယာတွေ မှာသောက်လို့ရပါတယ်။ ဘာလို့လဲဆိုတော့ ရင်ထဲက မျိုသိပ်ထားသမျှတွေ မဖွင့်ထုတ်ခင် အရင်အရှိန်တက်သွားအောင်လို့ပါ။ ပြီးတာနဲ့ ကိုယ်ဘယ်လိုနည်းနဲ့ ဆော့ချင်လဲဆိုတာ ရွေးလို့ရပါပြီ။ သူတို့ဆိုင်မှာ ပုလင်းပစ်ကွင်း (Throwing Range) နဲ့ ပေါက်ကွဲသံစဉ်အခန်း (Wreking Club) ဆိုပြီး (၂) မျိုးရှိပါတယ်။ ပုလင်းပစ်ကွင်းမှာဆိုရင်တော့ ခုနကသောက်ထားတဲ့ ဘီယာခွက်ပဲဖြစ်ဖြစ်၊ ဝိုင်ပုလင်းပဲဖြစ်ဖြစ်၊ ကော့တေးခွက်ပဲဖြစ်ဖြစ် အဲ့ကို ယူသွားပြီးတော့ စိတ်ရှိလက်ရှိ ပစ်ပေါက်လို့ရပါပြီ။ သူတို့ကလဲ အဲ့နေရာမှာ သီချင်းအမြူးစားတွေ၊ မီးဆလိုက် အလန်းစားတွေအပြင် ပစ်စရာလူရုပ်တုတွေပါ ထားထားပေးတဲ့အတွက် ကိုယ်မကျေနပ်တဲ့သူကို နာမည်တွေဘာတွေ အော်ခေါ်ပြီး အမုန်းပစ်လို့ရပါတယ်။ ကိုယ်သောက်တဲ့ ခွက်တွေကုန်သွားလို့ အားမရသေးရင် ခွက်အလွတ်ဝယ်ပြီး ထပ်ပစ်နိုင်ပါသေးတယ်။


        ဒါကတော့ ပုလင်းပစ်ကွင်းဖြစ်ပါတယ်။ (photo : Break Bar/Bethany Biron/Business Insider)

          ပေါက်ကွဲသံစဉ်အခန်းကတော့ အရင် rage room လိုပဲ ကိုယ်ဖျက်ဆီးချင်တဲ့ ပစ္စည်းတွေစာရင်းရေးပေးပြီး သူတို့ကိုပေးလိုက်၊ ပြီးတာနဲ့ အခန်းထဲကို ဘေ့စ်ဘောတုတ်တစ်ချောင်းကိုင်ပြီး ရှိသမျှပစ္စည်းအမှုန့်ဖြစ်အောင် ထုလို့ရပါပြီ။ ဒီဆိုင်ရဲ့ ပိုင်ရှင်လည်းဖြစ်၊ တည်ထောင်သူလည်းဖြစ်တဲ့ Tom Daly ကတော့ Valentine’s Day ဟာဆိုရင် သူတို့ဆိုင်ရဲ့ အလုပ်ရှုပ်ဆုံးနေ့ဖြစ်ပါတယ်တဲ့။ ဘာလို့လဲဆိုတော့ ဒီလိုနေ့တွေဆိုရင် စပါယ်ရှယ် ဆက်ရှင်တွေ လုပ်ပေးရလေ့ရှိပြီး အများစုကတော့ သူတို့ရဲ့ ရည်းစားဟောင်းပုံတွေကို ပစ်မှတ်နေရာမှာ ထားခိုင်းကြတာပါ။
       

             Photo : Break Bar

          ဒါပေမဲ့ သူ့ရဲ့ ပုံမှန်ဖောက်သည်တွေကတော့ ရုံးသမားတွေဖြစ်ပြီး လစာထုတ်ရက်တွေဆို သူတို့အတွက် တမျိုးစီစဉ်ပေးရပါတယ်တဲ့။ ဘယ်လိုစီစဉ်ပေးရတယ်ဆိုတာကိုတော့ customer တွေရဲ့ မိခင်ကုမ္ပဏီသိရင် မကောင်းတဲ့အတွက် သူထုတ်မပြောသွားပါဘူး။ ရုံးဝန်ထမ်းတွေပြီးရင်တော့ ဒုတိယလိုက်တာ လူပျိုညပါတီ (Bachelor Party) ကျင်းပတဲ့အဖွဲ့တွေဖြစ်ပြီး သူတို့ဆိုင် စီစဉ်ပေးလိုက်တဲ့ ပါတီပွဲတွေ မနည်းဘူးလို့ ဆိုပါတယ်။ CNN သတင်းဌာနရဲ့အဆိုအရတော့ အမေရိကန်နိုင်ငံတဝှမ်းမှာ ဒီ Break Bar လို rage room ဆိုင်ပေါင်း ၆၀လောက်ထိရှိတယ်လို့ သိရပါတယ်။
ကူးယူဖော်ပြခွင့်မပြုပါခင်ဗျား။

Source: Business Insider

%d bloggers like this: