ကလေးငယ်များစွာ သေဆုံးခဲ့ရသည့် အင်ဒိုချောင်းဆိုးပျောက်ဆေးအမှုတွင် သူဌေးကို ထောင်ဒဏ်ချမှတ်

Share

ကလေးငယ် ၂၀၀ကျော် သေဆုံးခဲ့ရမှုနှင့် ဆက်စပ်၍ အင်ဒိုနီးရှားချောင်းဆိုးပျောက်ဆေး ကုမ္ပဏီ၏ သူဌေးနှင့် အခြားတာဝန်ရှိသူ ၃ဦးကို တရားရုံးက ထောင်ဒဏ်ချမှတ်ခဲ့သည်။

Afi Farma ဟု အမည်ရသည့် အင်ဒိုချောင်းဆိုးပျောက်ဆေးကုမ္ပဏီ၏ ပိုင်ရှင်နှင့် တာဝန်ရှိသူများကို ထောင်ဒဏ် ၂နှစ်ကျခံစေရန်နှင့် ဒဏ်ကြေး အင်ဒို ရူပီးယာ ၁ ဘီလီယံ ( ဒေါ်လာ ၆သောင်းခွဲခန့်) ပေးဆောင်စေရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

တရားလို ဆွဲချရှေ့နေက ပိုင်ရှင်ကို ထောင်ဒဏ် ၉နှစ်နှင့် ကျန်၃ဦးကို ထောင်ဒဏ် ၇နှစ်စီချမှတ်ရန်တောင်းဆိုခဲ့သော်လည်း တရားသူကြီးက အထက်ပါအတိုင်း အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပြီး တရားခံရှေ့နေများက အယူခံဝင်မဝင်ကို မဆုံးဖြတ်ရသေးဟုဆိုသည်။

တရားရုံးမှတ်တမ်းများအရ အဆိုပါဆေးဝါးကုမ္ပဏီသည် ၂၀၂၁မှ ၂၀၂၂ အတွင်း ချောင်းဆိုးပျောက်ဆေး ထုတ်လုပ်ရာတွင် အသုံးပြုသည့် ပရိုပိုင်လင်းဂလိုင်ကော ( Propylene Glycol) ဓါတုပစ္စည်းများ နှစ်ကြိမ်တိတိဝယ်ယူခဲ့ကြောင်း ဖော်ပြထားသည်။

သို့ရာတွင် အဆိုပါ ဓါတုပစ္စည်း၌ အီသိုင်လင်းဂလိုင်ကော (Ethylene Glycol) ၉၆မှ ၉၉ ရာခိုင်နှုန်းအထိပါဝင်နေပြီး ကုမ္ပဏီအနေဖြင့် အရည်အသွေး ထပ်မံစစ်ဆေးချက်မပြုလုပ်ဘဲ ရောင်းချသည့်ကုမ္ပဏီ၏ စာရွက်စာတမ်းဖော်ပြချက်ကို အတည်ယူခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။

အီသိုင်လင်း ဂလိုင်ကောသည် အိမ်သုတ်ဆေးနှင့် ဘရိတ်ဆီများထုတ်လုပ်ရာတွင် ရောနှောသည့် ပစ္စည်းဖြစ်ပြီး စားသုံးမိပါက ဓါတုအဆိပ်သင့်မှု ဖြစ်ပွါးစေသည့် အာနိသင်ရှိကာ ပရိုပိုင်လင်း ဂလိုင်ကောသာလျှင် အစားအစာနှင့် ဆေးဝါးများတွင် ရောနှောနိုင်သည့် ပစ္စည်းဖြစ်သည်။

ထိုကဲ့သို့ ဓါတုပစ္စည်းမှားယွင်းရောနှောမှုကြောင့် ၂၀၂၂ ခုနှစ်မှ စတင်၍ အင်ဒိုနီးရှားတွင် ကလေးငယ် ၂၀၀ ခန့် ကျောက်ကပ်ပျက်စီးကာ သေဆုံးခဲ့ရပြီး အများစုမှာ ၅နှစ်အောက် ကလေးများဖြစ်သည်။

သည့်အပြင် ဂမ်ဘီယာနှင့် ဥဇဘက္ကစ္စတန်တို့တွင်လည်း အဆိုပါ ချောင်းဆိုးပျောက်ဆေးကြောင့် ကလေးငယ် ၁၀၀ခန့် သေဆုံးခဲ့ကြောင်း တရားရုံးမှတ်တမ်းတွင် ဖော်ပြထားသည်။

အင်ဒိုနီးရှား ဆေးဝါးဥပဒေအရ ဆေးဝါးထုတ်လုပ်သူများသည် ကုန်ကြမ်းပစ္စည်းများကို မဖြစ်မနေ ပြန်စစ်ဆေးရန် မလိုအပ်ကြောင်း တရားခံရှေ့နေက ဘီဘီစီသတင်းဌာနသို့ ပြောကြားခဲ့သည်။

သို့သော် တရားခံများသည် ဆေးဝါးထုတ်လုပ်သူတို့ ထားရှိရမည့် အရည်အသွေး စံချိန်စံညွှန်းများကို ရည်ရွယ်ချက်ရှိရှိ မျက်ကွယ်ပြုခဲ့ခြင်းဖြစ်ကြောင်း တရားရုံးက ဆုံးဖြတ်ကာ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ယခုဖြစ်ရပ်ကြောင့် ဆေးဝါးထုတ်လုပ်မှုလောကအတွင်း သတိပေးခေါင်းလောင်းသံကဲ့သို့ဖြစ်သွားပြီး ပိုမိုတင်းကြပ်သည့် အရည်အသွေးစစ်ဆေးချက်များ လုပ်ဆောင်လာကြောင်း သိရသည်။

WHO အနေဖြင့်လည်း အင်ဒိုနီးရှားနှင့် အိန္ဒိယထုတ် ချောင်းဆိုးပျောက်ဆေး အမှတ်တံဆိပ် (၆)မျိုးကို အန္တရာယ်ရှိသည့် စာရင်းတွင် ထည့်သွင်းခဲ့သည်။

ကူးယူဖော်ပြခွင့်မပြုပါ။

Source: BBC, Reuters

Photo: Reuters

%d bloggers like this: