0

ကိုဗစ်ကာလအတွင်း Boeing 747 Jumbo Jet စီးနေသော ဝက်များ

Share

ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကာလမှာ လေကြောင်းလိုင်းတွေအနေနဲ့ အဆိုးရွားဆုံး စီးပွားရေး ထိခိုက်မှုတွေနဲ့ ကြုံနေရပါတယ်။

ဒါပေမယ့် Alexey Isaykin ရဲ့ လေကြောင်း ကုန်သယ်ယူပို့ဆောင်ရေး Volga-Dnepr Group အနေနဲ့ကတော့ ဒီလိုမဟုတ်ပါဘူး။

Volga-Dnepr Group ဟာ ရုရှားနိုင်ငံ၊ မော်စကို အခြေစိုက် ကုမ္ပဏီဖြစ်ပြီး ကုန်စည်ပစ္စည်းတွေကို ဘိုးရင်း ၇၄၇၊ ဘိုးရင်း ၇၃၇ လေယာဉ်ကြီးတွေနဲ့ ကမ္ဘာအနှံ့ ပို့ဆောင်ပေးနေပါတယ်။

သူတို့ရဲ့ လေယာဉ်တွေထဲမှာ ကုန်စည်တွေ အပြည့်နဲ့ လှုပ်ရှားနေကြပါတယ်။

Volga-Dnepr Group အနေနဲ့ ဒီနှစ်ထဲမှာကို အရည်အသွေးမြင့်မြင့်နဲ့ သားဖေါက်ထားတဲ့ ဝက်အကောင်ရေ ၄၀၀၀ ကျော် ပြင်သစ်ကနေ တရုတ်ပြည်ကို ပို့ဆောင်ပြီးပါပြီ။

ဘိုရင်း ၇၇၇ ထက် အရွယ်အစားကြီးမားတဲ့ ဒီ ဘိုးရင်း ၇၄၇ ဂျမ်ဘို ဂျက်လေယာဉ်ကြီးတွေထဲမှာ အဆိုပါသက်ရှိ ကုန်စည်တွေအနေနဲ့ မိုင်ပေါင်း ၆၄၅၀ ကျော် ခရီးဆန့်လာခဲ့ရတာပဲဖြစ်ပါတယ်။

သစ်သား သေတ္တာပုံးတွေထဲထည့်ထားတဲ့ ဝက်တွေ တရုတ်ပြည်ကြီးဆီ ရောက်လာရတဲ့ အကြောင်းရင်းတွေ ရှိပါတယ်။

အဲ့ဒါကတော့ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်အတွင်းက တရုတ်ပြည်မှာ အာဖရိက ဝက်တုတ်ကွေးဖြစ်ပွားခဲ့လို့ ဝက်အကောင်ရေ သန်း ၃၀၀ ကနေ ၃၅၀ ခန့် ဆုံးရှုံးခဲ့ရပါတယ်။

အဲ့ဒီ့အချိန်ကစပြီး တရုတ်ပြည်ရဲ့ ပြည်ပက သက်ရှိကုန်စည် Livestocks တွေ တင်သွင်းတဲ့ နှုန်း တိုးတက်လာပြီး ပြည်မထဲမှာရှိတဲ့ ၆၀% လောက်ပမာဏရှိတဲ့ လျော့ကျသွားတဲ့ ဝက်အကောင်ရေတွေနေရာမှာ အရည်အသွေးမြင့်တဲ့ အမျိုးအစားနဲ့ အစားထိုးဖို့ဖြစ်လာခဲ့ပါတယ်။

ဝက်သားဈေးတွေလည်း မြင့်တက်လာခဲ့ပြီး တရုတ်ပြည်အစိုးရအနေနဲ့ ဝက်တုတ်ကွေးမဖြစ်ခင်က အခြေအနေပြန်ရောက်ဖို့ လယ်သမားတွေအပေါ် တွန်းအားပေးတာတွေ၊ စာချုပ်တွေချုပ်ဆိုရတာတွေ၊ အမိန့်ထုတ်ရတာတွေဖြစ်လာခဲ့ပါတယ်။

တရုတ်ပြည်ဟာ ယခုနှစ် ပထမ ၄ လအတွင်း အမေရိကန်ပြည်ထောင်စုကနေလည်း ဝက် အသား တန်ချိန် ၂၅၄၅၃၃ တန်အထိ တင်သွင်းပြီးဖြစ်ပါတယ်။

အဲ့ဒီ့မတိုင်ခင်က တရုတ်ပြည်ကို ဝက်သား အများဆုံး တင်သွင်းတာက ဥရာပကနေဖြစ်ပါတယ်။

ရုရှားကုမ္ပဏီ Volga-Dnepr Group အနေနဲ့ကတော့ ဒီလို သက်ရှိကုန်စည်တွေအပြင် ကိုဗစ်ကာလလိုအပ်ချက်တွေဖြစ်တဲ့ masks မျက်နှာအကာအကွယ်ပစ္စည်းတွေ၊ ဝတ်စုံတွေ၊ ဆေးဘက်ဆိုင်ရာ ကိရိယာတွေကို ရုရှား၊ ပြင်သစ်နဲ့ ဂျာမဏီတလွှား ပို့ဆောင်ပြီး အလုပ်တွေဖြစ်ခဲ့ပါတယ်။

ဒီနှစ် ဧပြီလအတွင်းမှာကို ဝန်ဆောင်မှု အရ ဝင်ငွေ ၃၂% တိုးတက်လာခဲ့ပြီး ဒါဟာ အမေရိကန်ဒေါ်လာ သန်း ၆၃၀ ပမာဏ ရှိနေပါတယ်။

ကုမ္ပဏီ၏ ဦးဆောင်သူ စီအီးအိုဖြစ်သူ Alexy Isaykin က လက်ရှိကမ္ဘာမှာ လေကြောင်းခရီးသွားကဏ္ဍဟာ စိန်ခေါ်မှုအများဆုံးအခြေအနေဖြစ်နေပြီး ဒါတွေဟာ ကုန်သယ်ယူရေးလေကြောင်းဖြစ်တဲ့သူတို့အပေါ်တော့ အခွင့်အရေးဖြစ်ပါတယ်လို့ Zoom video အစည်းအဝေးခေါ်ဆိုခဲ့ရာမှာ ပြောကြားခဲ့ပါတယ်။

သူက ဆက်လက်ပြောကြားရာမှာ ယခင်က လူစီးလေယာဉ်တွေနဲ့ အိတ်တွေ၊ ကုန်တွေ ပေးပို့တဲ့ လေယာဉ်ပေါ်က သိုလှောင်ခန်းတွေ ဟာ ကိုဗစ်ကာလ လူစီးလေယာဉ်တွေရပ်နားထားရမှုကြောင့်မရှိတော့ကြောင်း၊ ဒါတွေကပဲ ကုန်သယ်လေယာဉ်တွေအတွက် အလုပ်လည်းပိုရလာပြီး ဈေးလည်း ၂ ဆလောက်ပိုရလာတယ်လို့ ပြောပါတယ်။

 

ပြင်သစ် ဝက်မျိုးစိတ်ဆိုင်ရာ ကုမ္ပဏီ Axiom မှ Marie Pushparajalingam က “အခုဟာက ဒုတိယကမ္ဘာစစ်ပြီးစလိုဖြစ်နေတာ။ သူတို့ (တရုတ်ပြည်) ဆီက ဝက်အကောင်ရေ တဝက်လောက်ဆုံးရှုံးလိုက်ရတော့ အရင်အရေအတွက်အတိုင်းမြန်မြန်ပြန်ရဖို့ လိုနေတယ်” လို့ ပြောပါတယ်။

Axiom အနေနဲ့ ဇန်နဝါရီလအတွင်းမှာ ဘိုးရင်း ၇၇၇ လေယာဉ်တွေသုံးပြီး တရုတ်ပြည်ကို ဝက်တွေ တင်ပို့နေခဲ့ပါတယ်။ နောက်ပိုင်း ဘိုးရင်း ၇၄၇ နှစ်စီးနဲ့ ပြီးခဲ့တဲ့လက တင်ပို့ခဲ့ပြီး အခုဆိုရင် ကောင်ရေ ၃၄၀၀ တိတိရှိပြီလို့သိရပါတယ်။

နောက်ထပ် ပြင်သစ်မှာရှိတဲ့ ဟော်လန်ကုမ္ပဏီ Topigs Norsvin ကနေ ကွေ့ကျိုး (Guishou) ကို ပြီးခဲ့တဲ့ အပတ်က ကောင်ရေ ၅၀၀ ရောက်ရှိလာတယ်လို့ တရုတ်ရဲ့ Dekang Group မှ ပြောကြားထားပါတယ်။

အဲ့ဒီ့ကောင်ရေ ၅၀၀ ကနေပြီးမှ နောက်ထပ် အသားတိုးဝက် ကောင်ရေ သန်း ၂၀ လောက် သားဖေါက်မွေးမြူသွားမှာဖြစ်တယ်လို့ တရုတ်ကုမ္ပဏီက ကြေငြာထားပါတယ်။

တရုတ်ပြည်မှာ တစ်နှစ်ကို ဝက်အကောင်ရေ သန်း ၇၀၀ လောက်ကို စားသုံးနေကြပါတယ်။

တန်ချိန်နဲ့ တွက်မယ်ဆိုရင် တန်ချိန် သန်း ၅၀ ကျော်မှာဖြစ်ပြီး ဒါဟာ တစ်ကမ္ဘာလုံးစားသုံးတဲ့ ဝက်သားပမာဏရဲ့ တစ်ဝက်ဖြစ်ပါတယ်။

တရုတ်ပြည်က ဝက်သား တစ်ကီလိုဟာ ၃၅ ယွမ် (ဒေါ်လာ ၄.၉၃) ပေးရပြီး ဒါဟာ ပြင်သစ်မှာထက် ၃ ဆ ပိုဈေးကြီးနေတာပါ။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Orio Economics

Source: Reuters, Economic Times, Volga-Dnepr Group, NPR (National Public Radio)

%d bloggers like this: