အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အကြောင်းရေးထားသည့် တူမဖြစ်သူ Mary L. Trump ၏ စာအုပ်ဖြစ်သော Too Much and Never Enough: How My Family Created the World’s Most Dangerous Man စာအုပ်သည် စတင်ရောင်းချသည့်နေ့တွင်ပင် အုပ်ရေ ၉၅၀၀၀၀ ရောင်းချခဲ့ရရာ ထုတ်ဝေသူဖြစ်သော Simon & Schuster အတွက်လည်း စံချိန်တင်မှတ်တမ်းတစ်ခုဖြစ်ခဲ့သည်။
စာအုပ်တွင် ထရမ့်မိသားစုကြီး၏ အကြောင်းများနှင့် မိသားစုတွင်းရှိ ကိစ္စများက လက်ရှိသမ္မတဖြစ်သူအပေါ် စိတ်ပိုင်းဆိုင်ရာအရ လွှမ်းမိုးနေပုံများကို ဖေါ်ပြထားသည်ဟု ဆိုသည်။
ထိုစာအုပ် “Too Much and Never Enough” သည် နိုင်ငံအတွင်း လူပြောသူပြောအများဆုံးစာအုပ်ဖြစ်လာနေလျက်ရှိပြီး ယနေ့ကမ္ဘာတွင် အာဏာအရှိဆုံး လူသားတစ်ဦးကိုမွေးထုတ်ပေးခဲ့သော မိသားစုကြီးတစ်ခုကိုနားလည်ချင်သူများအတွက် မဖြစ်မနေဖတ်ရှုသင့်သည့် စာအုပ်ဟု ဝေဖန်နေကြသည်။
ထုတ်ဝေသည့် ကုမ္ပဏီဖြစ်သည့် Simon & Schuster မှ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဂျော်နသန် ကာ့ပ် (Jonathan Karp) က ထိုစာအုပ်သည် စိတ်ပိုင်းဆိုင်ရာ သရုပ်သကန်ကိုဖေါ်ပြသော စာအုပ်ဖြစ်ပြီး စာအုပ်အဖြစ်ထွက်ရှိလာခြင်းအပေါ် သမိုင်းတွင်သည့် ကြိုးစားအားထုတ်မှုဟု ပြောဆိုခဲ့သည်။
စာရေးသူ မေရီ ထရမ့် (Mary Trump) သည် အသက် ၅၅ နှစ်အရွယ်ရှိပြီဖြစ်ပြီး သူမ၏ စာအုပ် ပုံနှိပ်မူ အဖြစ်မထွက်လာစေရန် ဒေါ်နယ်ထရမ့် ၏ ညီဖြစ်သူ ရောဘတ်ထရန့် (Robert Trump) ကလည်း တရားစွဲခဲ့သေးသည်။
ရောဘတ်ထရန့်သည် လွန်ခဲ့သည် ဆယ်စုနှစ် ၂ ခု ခန့်က ကျေလည်ခဲ့ပြီးသော အမွေကိစ္စနှင့် ပါတ်သက်၍ လျှို့ဝှက်ရန်သဘောတူညီမှုအား အကြောင်းပြ၍ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
ရောဘတ်ထရန့်၏ ရှေ့နေသည် အဆိုပါကိစ္စရပ်များနှင့်ပါတ်သက်၍ မှတ်ချက်တစုံတရာ ပေးရန်ကိုငြင်းဆိုခဲ့ပြီး ဒေါ်နယ်ထရန့်၏ တူမဖြစ်သူထံမှ ငွေကြေးဆိုင်ရာ နစ်နာကြေးရလိုရန် ကြိုးစားခဲ့သော်လည်း ၎င်းလုပ်ရပ်မှာ အမှန်တကယ်ရည်ရွယ်ချက်မဟုတ်ကြောင်း ဝါရှင်တန်ပို့စ် သတင်းဌာနက ဆိုသည်။
နောက်ဆုံးတွင် နယူးယောက်၊ Dutchess County မှ တရားသူကြီး Hal Greenwald က ယခု စာအုပ်ပုံနှိပ်ဖြန့်ချိရေးလုပ်ငန်းများကို ဆက်လက်ခွင့်ပြုရန် အခွင့်အရေးရှိကြောင်း ဆုံးဖြတ်ခဲ့ပြီး ပုံနှိပ်ထုတ်ဝေသူ Simon & Schuster ၊ စာရေးသူ မေရီထရန့် တို့အားလည်း ထရမ့် မိသားစုမှ စာအုပ်တွင်ပါရှိသော ကိစ္စရပ်များအား နိုင်ငံရေးနှင့်ပါတ်သက်သည်ဟူသော စွပ်စွဲချက်များကို ပယ်ချခဲ့သည်။
ယခုထွက်လာသော စာအုပ်ကြောင့် သမ္မတဒေါ်နယ်ထရန့်မိသားစုဘက်တွင် မငြိမ်မသက်မှုများ ရှိခဲ့သည်။
မေရီထရန့်သည် ဒေါ်နယ်ထရန့်နှင့် ညီအစ်ကို တော်စပ်သူ ဖရက် ထရမ့် ဂျူနီယာ (Fred Trump Jr.)၏ သမီး ဖြစ်ပြီး သူမ အသက် ၁၆ နှစ် အရွယ်တွင် ဖခင်ဖြစ်သူ ကွယ်လွန်ခဲ့သည်။
ထရန့်မိသားစုကြီး၏ အကြီးအကဲဖြစ်ခဲ့သော ဖခင်ကြီး Fred Trump (ဖရက် ထရမ့် ဂျူနီယာ၊ ဒေါ်နယ်ထရမ့်၊ ရောဘတ်ထရန့်တို့၏ ဖခင်) ပြုလုပ်ခဲ့သော သဘောတူညီချက်များထဲမှ လျှို့ဝှက်ကိစ္စများမှာ မိသားစုအတွင်း မြေယာခွဲဝေခြင်းကိစ္စများသာဖြစ်ပြီး ယခု စာရေးသူ မေရီထရန့်၏ စာအုပ်ပါ မိသားစုအကြောင်းများကို ပြင်ပသို့ မပြောရဟူသော စည်းကမ်းများ မပါဝင်ကြောင်း မေရီ၏ ရှေ့နေက တရားရုံးတွင် ချေပခဲ့ရသည်။
နောက်ဆုံးတွင် ယခု စာအုပ်ပုံနှိပ်ထုတ်ဝေခြင်းနှင့်ပါတ်သက်၍ တရားရုံးမှ တားဆီးပိုင်ခွင့် မရှိဟုဆိုကာ သူမ၏ စာအုပ်အား အများရှေ့မှောက်သို့ ရောက်ရှိရန် ခွင့်ပြုလိုက်ခြင်းဖြစ်သည်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: The Washington Post, South China Morning Post, Ballotpedia