တရုတ်၏ နေရာတွင် အစားထိုးနိုင်မည့် နိုင်ငံအဖြစ် သတ်မှတ်ခံထားရပြီး စီးပွားရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် တိုးတက်နေသည့် ဗီယက်နမ်တွင် ရင်းနှီးမြှပ်နှံမှုများ ပြုလုပ်ရန်အတွက် Boeing နှင့် Netflix အပါအဝင် အမေရိကန်ကုမ္ပဏီကြီးများသည် ယခုအပတ်တွင် စုဝေးကြမည်ဖြစ်သည်။
အမေရိကန်-အာဆီယံ စီးပွားရေး ကောင်စီက ကျင်းပသည့် အဆိုပါ နှီးနှောဖလှယ်ပွဲတွင် အမေရိကန် ကုမ္ပဏီ ၅၂ ခုမှ တာဝန်ရှိသူများ တက်ရောက်ကြမည်ဖြစ်ပြီး အဆိုပါ ဆွေးနွေးပွဲကို ယခင် ဗီယက်နမ်ဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်း Ted Osius က ဦးစီးဦးဆောင်ပြုမည်ဖြစ်ကြောင်း သိရသည်။
အမေရိကန်-အာဆီယံ စီးပွားရေး ကောင်စီက တက်ရောက်မည့် ကုမ္ပဏီများ၏ အမည်စာရင်းကို အတိအကျ မထုတ်ပြန်သော်လည်း Boeing နှင့် Netflixတို့မှာ ၎င်းတို့ တက်ရောက်မည်ဖြစ်ကြောင်း အတည်ပြုသွားခဲ့ပြီး Boeing ၏ ဗီယက်နမ်ရုံးချုပ် မန်နေဂျင်းဒါရိုက်တာနှင့် အရှေ့တောင်အာရှ တာဝန်ခံဥက္ကဋ္ဌတို့ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
Boeing အနေဖြင့် အဆိုပါ နှီးနှောဖလှယ်ပွဲတွင် ဗီယက်နမ်နိုင်ငံရှိ အစိုးရအဖွဲ့အစည်းများ၊ ပြည်တွင်းကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးမည်ဖြစ်ကာ ဗီယက်နမ်၏ လေကြောင်းနှင့် ကာကွယ်ရေးကဏ္ဍ ထုတ်လုပ်မှု၊ နည်းပညာနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်ဆွေးနွေးမည်ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။
Netflix အနေဖြင့် မည်သည့် အကြောင်းအရာကို ဆွေးနွေးမည်ဆိုသည်ကို ထုတ်ဖော်မပြောကြားသော်လည်း သတင်းအရင်းအမြစ်အချို့အရ Netflix သည် ဗီယက်နမ်တွင် နိုင်ငံခြားကုမ္ပဏီများ ရုပ်သံထုတ်လွှင့်ခွင့် လိုင်စင်ကိစ္စကို အဓိက ဆွေးနွေးဖွယ်ရှိကြောင်း သိရသည်။
လက်ရှိတွင် ဗီယက်နမ်၌ Netflix လိုင်းများကို ကြည့်ရှု၍ ရနေသော်လည်း Netflix အနေဖြင့် ရုံးခွဲမရှိသေးသည့် အတွက် ရုံးခွဲဖွင့်ရန် ကိစ္စများကိုပါ ဆွေးနွေးဖွယ်ရှိသည်ဟု နီးစပ်သည့် သတင်းအရင်းအမြစ်များက ပြောကြားခဲ့သည်။
ယခုကဲ့သို့ အမေရိကန် ကုမ္ပဏီများ စိတ်ဝင်တစား တက်ရောက်သည်ကို ကြည့်ခြင်းဖြင့် ဗီယက်နမ်သည် အရှေ့တောင်အာရှတွင် နောက်ထပ်ကျားတစ်ကောင်ဖြစ်လာရန် သေချာနေပြီး ယမန်နှစ် ကမ္ဘာ့စီးပွားရေး နှေးကွေးမှု ဖြစ်စဉ်အတွင်းမှာပင် နိုင်ငံ၏ GDP သည် ၈ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း သိရသည်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: CNN
Photo: Vietnam Briefing