ဗြိတိန် ဗဟိုဘဏ်ဖြစ်သည့် Bank Of England သည် ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်ပေါ်လာသော နိုင်ငံတွင်း စီးပွားရေး ထိခိုက်မှုများကို ကုစားရန် နောက်ထပ် ပေါင်စတာလင် ၁၀၀ ဘီလျံကို ထပ်မံထည့်သွင်းသုံးစွဲမည်ဟု သိရသည်။
သို့သော်လည်း ကပ်ဘေးမတိုင်မီက ခန့်မှန်း၍ စိုးရိမ်ခဲ့ရမှုများကဲ့သို့ မပျင်းထန်သော အခြေအနေများကို တွေ့လာနေရသည်ဟု ဘဏ်မှ တာဝန်ရှိသူတို့က ဆိုသည်။
ဘဏ်၏ ငွေကြေးမူဝါဒဆိုင်ရာ ကော်မတီ Monetary Policy Committee (MPC) ကလည်း ဘဏ်တိုးနှုန်းကို စံချိန်တင် ဝ.၁ % သို့ ချထားရန် ဆောင်ရွက်ထားပြီးဖြစ်သည်။
ယခုဆုံးဖြတ်ချက်သည် ပြီးခဲ့သည့် ဧပြီလအတွင် ဗြိတိန်စီးပွားရေး စံချိန်တင် ကျဆင်းနေမှုများကို ဖေါ်ပြသည့် အချက်အလက်များ ထုတ်ပြန်အပြီးတွင်ဖြစ်သည်။
၂၀၂၀ ခုနှစ် ဧပြီလတွင် ဗြိတိန် စီးပွားရေးသည် ၂၀.၄% ထိ ၅ ပုံ ၁ ပုံကျော်ကျော်မျှ ကျဆင်းခဲ့ပြီး တရားဝင်ထုတ်ပြန်သော အချက်အလက်များအရ မတ်လ နှင့် မေလအတွင်း အလုပ်အကိုင်နေရာ ၆ သိန်း ကျော် ဆုံးရှုံးခဲ့သည်။
ထို့ကြောင့် ဗြိတိန်ဗဟိုဘဏ် အကြီးအကဲ Andrew Bailey က မူဝါဒရေးရာ ချမှတ်သူများအနေဖြင့် စီးပွားရေး စံချိန်တင်ကျဆင်းမှုနှင့်ပါတ်သက်၍ ဆောင်ရွက်ရန် အဆင့်သင့်ဖြစ်နေပြီဟု ကြေငြာခဲ့ပြီး၊ ၎င်းနောက်တွင် ယခု Stimulus Package ပေါင် ၁၀၀ ဘီလျံ အစီအစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။
သို့သော်လည်း မစ္စတာ ဘေလီက စီးပွားရေး အခြေအနေကို လှမ်းမျှော်ကြည့်လျှင် မရေရာမှုများရှိနေဆဲဖြစ်ပြီး ယခုအတိုင်း ဆက်သွားမနေချင်ကြောင်း ပြောကြားခဲ့သည်။
ရရှိလာသော အချက်အလက်များကအပေါ် အခြေခံရေးဆွဲထားသော ခန့်မှန်းချက်များအရ စီးပွားရေးကျဆင်းမှုသည် ဇွန်လအထိဆိုလျှင် ၂၅% သို့ ရောက်ရှိလာနိုင်သည်ဟု သိရသည်။
ငွေကြေးထောက်ပံ့ရေး လျာထားငွေ ပမာဏ Quantitative Easing (QE) သည် ပေါင် စတာလင် ၇၄၅ ဘီလျံသို့ ရောက်ရှိလာနိုင်သည်ဟု သိရသည်။
သို့သော်လည်း ဗြိတိန်ဗဟိုဘဏ်၏ စီးပွားရေး ပညာရှင် အကြီးအကဲဖြစ်သူ Andy Haldane က အဆိုပါ ငွေကြေးပမာဏတိုးမြင့်လာစေရန် ဗဟိုဘဏ်မှ ပိုင်ဆိုင်မှု တန်ဖိုးပြ စာချုပ်များ ဝယ်ယူရမည်ဖြစ်ရာ ဘဏ်၏ Asset Purchase Programme အရွယ်အစား တိုးမြင့်လာမည့် အရေးကို ကန့်ကွက်ခဲ့သည်။
ဘဏ်အနေဖြင့် ဝန်ထုတ်ဝန်ပိုးဖြစ်လာမည်ဖြစ်ပြီး သူက ပြီးခဲ့သည့် မေလက ဗဟိုဘဏ်ခန့်မှန်းထားသည်များထက် စီးပွားရေး ပြန်လည် ကောင်းမွန်မှုအခြေအနေ ပိုမြန်လာနိုင်သည် ဟု ဆိုသည်။
ဗြိတိန် ဗဟိုဘဏ်သည် နိုင်ငံ၏ ငွေကြေးဖေါင်းပွနှုန်းကို ၂% ခန့် ပုံမှန် သွားနိုင်ရန် သတ်မှတ်ဆောင်ရွက်နေသော်လည်း ယခု ပေါင်စတာလင် ငွေကြေးဖေါင်းပွနှုန်းမှာ ဝ.၅% သို့ ကျဆင်းလာသည်။
ယခုကဲ့သို့ ငွေကြေးဖေါင်းပွနှုန်း အားပျော့လာခြင်းမှာ ကမ္ဘာလုံးဆိုင်ရာ ရေနံဈေးများ လျော့ကျလာခြင်းကြောင့်ဖြစ်သည်ဟု ဗဟိုဘဏ်အကြီးအကဲ Andrew Bailey က ဆိုသည်။
ယခုအခါ မူလရည်ရွယ်ထားသည့် ငွေဖေါင်းပွနှုန်း လာမည့် ၂ နှစ်အတွင်း ပြန်လည် ရောက်ရှိရန် ဆောင်ရွက်သွားမည်ဟု ဆိုသည်။
ယခု ဗြိတိန်စီးပွားရေးအတွင်းသို့ လည်ပတ်စေရန် ထပ်မံထည့်သွင်းမည့် ပေါင် ၁၀၀ ဘီလျံပမာဏသည်လည်း အစိုးရ ငွေတိုက်စာချုပ်များကို ဘဏ်မှ ဝယ်ယူမည့် အစီအစဉ်ပင်ဖြစ်ပါသည်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Orio Economics
Source: BBC Business, Financial Times, The Guardian