ဗြိတိန် အစိုးရသည် တန်ဖိုးကြီးပစ္စည်းများကိုသာရောင်းချသည့် လုပ်ငန်းဖြစ်သော John Lewis နှင့် အင်္ဂလန် ပရီးမီးယားလိဂ်မှ တော့တင်ဟမ် ဟော့စပါး အသင်း (Tottenham Hotspur) စသည်တို့ အပါအဝင် အခြား လုပ်ငန်းကြီးများစွာကို အတိုးနှုန်း သက်သာစွာငွေချေးခဲ့သောကြောင့် အပြင်းအထန် ဝေဖန်ခံနေရသည်။
အဆိုပါ ငွေချေးပေးမှုများတွင် ဂျာမဏီပိုင် ဓါတုဗေဒပစ္စည်းထုတ်လုပ်ရေး လုပ်ငန်းကြီးတစ်ခုသို့ ပေါင်စတာလင် ၁ ဘီလျံ ချေးပေးခဲ့ပြီး ဗြိတိန်၏ အကြီးဆုံး လေကြောင်းလိုင်းများသို့လည်း ပေါင် ၂ ဘီလျံနီးပါး ချေးငွေများ ထုတ်ပေးခဲ့သည်ဟု ဆိုသည်။
ဓါတုဗေဒထုတ်ကုန်များ ထုတ်လုပ်သည့် BASF သည် ဗြိတိန်အစိုးရ ချေးငွေစာရင်းမှ အများဆုံး အကျိုးခံစားခွင့်ရရှိသူဖြစ်ပြီး ကိုဗစ်ကာလအတွင်း ယင်းအဆုံးအဖြတ်များကို ချမှတ်ခဲ့သည့် အင်္ဂလန် ဗဟိုဘဏ် Bank Of England သည်လည်း ပြစ်တင်ချုံ့ချမှုများ ရင်ဆိုင်နေရသည်။
ဂျာမန်၏ BASF သည် ဗြိတိန် အတွင်း၌ စက်ရုံပေါင်း ၈ ခု ရှိပြီး အလုပ်အကိုင် ၈၅၀ ဖန်တီးပေးထားသည်။
ဘဏ်ချေးငွေများနှင့် ဆက်စပ်၍ ဗြိတိန်ရှိ စီးပွားရေး ဘဏ်များသည် မည်သည့်ကုမ္ပဏီက မည်မျှချေးငွေရရှိထားသည်ဆိုခြင်းများကို ဖေါ်ပြခြင်းမရှိချေ။
အလားတူ ပေါင် သန်း ၆၀၀ ချေးငွေရရှိခဲ့သော Chanel မှ လည်း ဗြိတိန်တွင် ၎င်း၏ ဝန်ထမ်း ၁၆၀၀ ရှိကြောင်း၊ ၎င်းတို့အနေဖြင့် အစိုးရထံမှ ချေးငွေ မလျှောက်ရန် ဆုံးဖြတ်ထားခဲ့ကြောင်း၊ သို့သော်လည်း ဝန်ထမ်းပမာဏများသော လုပ်ငန်းဖြစ်သည့်အလျောက် ကိုဗစ်ကာလတွင် ချေးငွေရယူခဲ့ရကြောင်း၊ အကြွေးများကို Bank Of England (BOE) သို့ နောက် ၁၂ လအတွင်း အပြီး ဆပ်သွားမည်ဖြစ်ကြောင်းများကို ထုတ်ပြန်ခဲ့သည်။
ပေါင် သန်း ၁၀၀ နှင့် အထက် ချေးငွေရရှိသော လုပ်ငန်းများမှာ ရရှိလာသော အချက်အလက်များအရ လုပ်ငန်းကြီး ၄၃ ခု ဖြစ်ပြီး ဘောလုံးအသင်း တော့တင်ဟမ် ဟော့စပါး အသင်းမှ ချေးယူငွေမှာ ပေါင် ၁၇၅ သန်းဖြစ်သည်ကို တွေ့ရှိရသည်။
တော်တင်ဟမ် (Tottenham Hotspur) အသင်းအနေဖြင့် ထိုချေးငွေကို အတိုးနှုန်း ဝ.၅% ဖြင့် ရရှိခဲ့ခြင်းဖြစ်သည်။
တော့တင်ဟမ် အသင်းသည် လာမည့် ၂၀၂၁ ခု နှစ် ဇွန်လမတိုင်မီ ငွေကြေး ပေါင် သန်း ၂၀၀ ခန့် ဆုံးရှုံးရနိုင်သည့်အခြေအနေရှိနေဆဲဖြစ်ပြီး ယခု ရရှိလာသော ချေးငွေများဖြင့်လည်း ကစားသမား အသစ် ဝယ်ယူမည်မဟုတ်ဟု ထုတ်ပြန်ခဲ့သည်။
စပါးအသင်းဥက္ကဌဖြစ်သူ လီဗိုင်း (Daniel Levy) က စပါးအနေဖြင့် ကိုရိုနာမဖြစ်မီကာလအထိ ဝင်ငွေ ပေါင်စတာလင် သန်း ၄၆၀.၇ ရှိခဲ့ပြီး အခွန်ဆောင်ပြီး အမြတ်ငွေမှာ ပေါင် ၈၆.၆ သန်းဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။
ဗြိတိန်အစိုးရမှ ချေးငွေရရှိသည့် စာရင်းတွင် ဂျပန်ကားကုမ္ပဏီများဖြစ်သည့် တိုယိုတာ၊ နစ်ဆန်း၊ ဟွန်ဒါ တို့ ပါဝင်ခဲ့ကြပြီး မစ်ဆူဘီရှိ ကော်ပိုရေးရှင်းမှာလည်း ဘဏ္ဍာရေးလုပ်ငန်းအဖြစ်မှ ချေးငွေရယူနိုင်ခဲ့သည်။
ဗြိတိန် လေဘာပါတီမှ မာဂရတ် (Margaret Hodge) က အများပြည်သူ၏ ပိုက်ဆံများကို အကြီးအကျယ်အလွဲသုံးမှုဟု ပြစ်တင်ဝေဖန်ခဲ့သည်။
အဆိုပါ နိုင်ငံရေးအတွင်းမှ ဝေဖန်သံများထွက်ပေါ်လာပြီးနောက် ဘဏ္ဍာရေး ဝန်ကြီးမှလည်း ယခုကဲ့သို့ ချေးငွေထုတ်ပေးခဲ့မှုများသည် ထောင်ပေါင်းများစွာသော အလုပ်အကိုင်များမဆုံးရှုံးရန် ကာကွယ်ခဲ့ခြင်းသာဖြစ်သည်ဟု တုံ့ပြန်ခဲ့သည်။
Bank Of England မှ ချေးငွေရရှိခဲ့သော လုပ်ငန်းစာရင်းမှာ လတ်တလောတွင် ၅၃ ခု ထိ ရှိနေသည်။
British Airways သည် ယခင်က ဝန်ထမ်း ၁၂၀၀၀ လျှော့ချရန် စီစဉ်ခဲ့သော်လည်း ယခုအခါ ချေးငွေ ပေါင် သန်း ၃၀၀ ရရှိခဲ့ပြီးနောက် ဝန်ထမ်း ၃၀၀၀ သာ လျှော့ချတော့မည်ဟု သိရသည်။
ဝန်ထမ်းလျှော့ချရေ စီမံကိန်းများ၊ အလုပ်သမားသမဂ္ဂများနှင့် ညှိနှိုင်းနေမှုများသည် ချေးငွေရယူရန် အတိုးအလျှော့ လုပ်နေသည့် နည်းလမ်းများသာဖြစ်လာဖွယ်ရှိနေသည်။
EasyJet လေကြောင်းသည်လည်း ချေးငွေ ပေါင် သန်း ၆၀၀ ရရှိခဲ့သည်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Orio Economics
Source: BBC Business, The Guardian, Tottenham Hotspur, Orio Economics Research, Vox