ဘိုင်ဒန်၏ ဗီယက်နမ်ခရီးစဉ်တွင် စီးပွါးရေးသဘောတူညီမှု များစွာရရှိ

Share

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်၏ ပြီးခဲ့သည့် တနင်္ဂနွေနေ့ ဗီယက်နမ်ခရီးစဉ်အတွင်း စီးပွါးရေး သဘောတူညီမှုများနှင့် သံတမန်ဆက်ဆံမှု မြှင့်တင်ရေးများ ဆွေးနွေးခဲ့ကြပြီး ဗီယက်နမ်အပေါ် တရုတ်၏လွှမ်းမိုးမှုကို လျှော့ချရန် ကြိုးပမ်းချက်အဖြစ် ရှုမြင်နိုင်သည်။

ဗီယက်နမ်အနေဖြင့် အမေရိကန်ဘက်သို့ ယိမ်းမိပါက တရုတ်၏ အမျက်သိုမှုကို စိုးရိမ်သည့်အတွက် သတိကြီးစွာဆက်ဆံလေ့ရှိသော်လည်း ယခု စီးပွါးရေး ရင်းနှီးမြှပ်နှံမှု သဘောတူညီချက် အသစ်များကြောင့် တရုတ်အပေါ်ရိုက်ခတ်မှုရှိလာမည်ဖြစ်သည်။

အထူးသဖြင့် တပိုင်းလျှပ်ကူးပစ္စည်းများနှင့် ချစ်ပ်ပြားထုတ်လုပ်မှု ကဏ္ဍတွင် တရုတ်၏ ပါဝင်မှုကို ကန့်သတ်လိုသည့် အမေရိကန်သည် ဗီယက်နမ်၏ ချပ်စ်ပြား ထုတ်လုပ်မှု ကဏ္ဍကို ရင်းနှီးမြှပ်နှံမှု အများအပြားပြုလုပ်ရန် ကတိပြုလိုက်သည့်အတွက် ဖြစ်သည်။

ဘေဂျင်းအနေဖြင့် အဆိုပါ ကဏ္ဍတွင် ဗီယက်နမ်စျေးကွက်ကို ဆုံးရှုံးရန် ရာခိုင်နှုန်းများနေပြီး အမေရိကန်အနေဖြင့် လက်ဝါးကြီးအုပ်လိုမှုများနှင့် စစ်အေးတိုက်ပွဲကဲ့သို့ တွေးခေါ်နေမှုများ အဆုံးသတ်သင့်ပြီဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

သည့်အပြင် ယခုကဲ့သို့ အမေရိကန်ဗီယက်နမ်ဆက်ဆံရေး တိုးမြှင့်နိုင်ခြင်းသည် ဗီယက်နမ်၏ အဓိက လက်နက်တင်သွင်းသူ ရုရှားအတွက် မျက်ခုံးလှုပ်စရာဖြစ်လာသည်။

အိမ်ဖြူတော်၏ တရားဝင်ကြေငြာချက်တွင် လက်နက်အရောင်းအဝယ်အတွက် ပါဝင်ခြင်း မရှိခဲ့သော်လည်းအချိန်အတိုင်းအတာတခုတွင် အမေရိကန် သို့မဟုတ် မဟာမိတ်နိုင်ငံတခုခုက ဗီယက်နမ်သို့ လက်နက်တင်သွင်းမှုမှာ ဖြစ်လာဖွယ်ရှိကြောင်း သုံးသပ်လျက်ရှိကြသည်။

ဘိုင်ဒန်၏ ယခုခရီးစဉ်ကြောင့် ထိခိုက်သူနောက်တဦးမှာ Airbus ဖြစ်ပြီး ၎င်း၏ မဟာပြိုင်ဘက် ဘိုးရင်းသည်Vietnam Airlines သို့ 737 Max လေယာဉ် အစီး ၅၀ ရောင်းချရန် သဘောတူညီမှု ရယူနိုင်ခဲ့သောကြောင့်ဖြစ်သည်။

Vietnam Airlines သည် လက်ရှိတွင် Airbus ထုတ်လေယာဉ်များဖြင့် ပြေးဆွဲနေခြင်းဖြစ်ပြီး ယခုကဲ့သို့ လေယာဉ်အုပ်တခုလုံးကို အစားထိုးပစ်ရန် ဆုံးဖြတ်ချက်မှာ လေကြောင်းပို့ဆောင်မှုကဏ္ဍတွင် ဖြစ်တောင့်ဖြစ်ခဲဖြစ်သည်။

Vietnam Airlines ဆုံးဖြတ်ချက်တွင် Airbus မပါရှိခြင်းအတွက် မည့်သည့်မှတ်ချက်မျှ မပေးလိုကြောင်း၊Vietnam Airlinesနှင့် ဆက်ဆံရေး ကောင်းများ ရှိထားပြီးသည့်အတွက် စီးပွါးရေး သဘောတူညီချက်များပြန်လည်ရရှိရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း Airbus ပြောရေးဆိုခွင့်ရှိသူက ပြောကြားသွားခဲ့သည်။

ကူးယူဖော်ပြခွင့်မပြုပါ။

Source: Reuters, The Guardian, CNA

Photo: Reuters

%d bloggers like this: