တရုတ်အပေါ် အကောက်ခွန်များ ရုတ်သိမ်းမှုအတွက် ကန့်ကွက်စာ ၄၀၀ ကျော် ဘိုင်ဒန်ရရှိ

အမေရိကန် သမ္မတ ဘိုင်ဒန်နှင့် အစိုးရအဖွဲ့ဝင်များသည် နိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းကို လျှော့ချရန်အတွက် တရုတ်အပေါ် ချမှတ်ထားသည့် အကောက်ခွန်များကို ပြန်လည် ရုတ်သိမ်းရန် စဉ်းစားနေသော်လည်း ၎င်းအစီအစဉ်ကို ကန့်ကွက်သည့် သူများလည်း ရှိနေကြောင်း သိရသည်။

အမေရိကန် ကုန်သွယ်ရေးဌာန၏ အဆိုအရ သမ္မတ ဘိုင်ဒန်က တရုတ်အပေါ် အကောက်ခွန်များ ပြန်လည်ရုတ်သိမ်းတော့မည်ဟု သတင်းများ ထွက်ပေါ်လာသည်နှင့် ၎င်းတို့ထံ ကန့်ကွက်စာပေါင်း ၄၀၀ ကျော်ခန့်သည့် အင်္ဂါနေ့ ညနေပိုင်းတွင် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုကဲ့သို့ ကန့်ကွက်စာ ပေးပို့သည့် အဖွဲ့အစည်းများထဲတွင် အမေရိကန်၏ အကြီးဆုံး အလုပ်သမား သမဂ္ဂကြီးဖြစ်သော AFL-CIO နှင့် အမေရိကန် လေယာဉ်ပိုင်းလော့များ အစည်းအရုံးတို့လည်း ပါဝင်ခဲ့ပြီး ၎င်းတို့က သမ္မတ ထရမ့်လက်ထက် ချမှတ်ခဲ့သော အကောက်ခွန်များကြောင့် တရုတ်သွင်းကုန်များအပေါ်မှ ဒေါ်လာ ၃၇၀ ဘီလီယံ အကောက်ခွန် ရရှိခဲ့ခြင်းကို ထောက်ပြခဲ့ကြသည်။

သမ္မတဘိုင်ဒန်အနေဖြင့် သတင်းများ ထွက်ပေါ်သည့်အတိုင်းသာ တရုတ်အကောက်ခွန်များကို ပယ်ဖျက်မည်ဆိုပါက ၎င်း၏ အဓိက ထောက်ခံသူများဖြစ်သော အလုပ်သမား အဖွဲ့အစည်းများ၏ သဘောထားကို မျက်နှာလွှဲလိုက်သကဲ့သို့ ဖြစ်တော့မည်ဖြစ်သည်။

ဘိုင်ဒန်သည် အဆိုပါ အလုပ်သမားအဖွဲ့အစည်းများနှင့် အထူးကောင်းမွန်သော ဆက်ဆံရေးဖြင့် ၎င်း၏ ဒီမိုကရက်တစ်ပါတီသည် ၂၀၂၀ ရွေးကောက်ပွဲများတွင် အနိုင်ရရှိခဲ့ခြင်းဖြစ်ရာ ယခုအခါ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ကယ်ရင်း ယန်းပီယေးက ဘိုင်ဒန်နှင့် အစိုးရအဖွဲ့များသည် အပြီးသတ်ဆုံးဖြတ်ချက်ကို မချမှတ်ရသေးဘဲ အခြားသော နည်းလမ်းများကိုလည်း စဉ်းစားနေကြောင်း သတင်းပြန်လည် ထုတ်ပြန်ခဲ့သည်။

ယခင် ထရမ့် အစိုးရသည် အဆိုပါ အကောက်ခွန်များကို မဟာဗျူဟာကျကျ ချမှတ်ခဲ့ခြင်း မဟုတ်သဖြင့် ယခု ပြဿနာကို ဖြေရှင်းရန် ထည့်သွင်း စဉ်းစားရမည့် အချက်များစွာရှိကြောင်းနှင့် မှန်မှန်ကန်ကန် ချဉ်းကပ်ရန် ကြိုးစားနေကြောင်း ယန်းပီယေးက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

မကြာသေးမီ ရက်ပိုင်းအတွင်းက အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ဂျဲနက် ယဲလန် နှင့် တရုတ် ဒုဝန်ကြီးချုပ် လျှိုဟော့ တို့ ဖုန်းခေါ်ဆိုမှုအပြီးတွင် ယခုကဲ့သို့ တရုတ်အကောက်ခွန်များကို အမေရိကန် ပယ်ဖျက်ပေးမည့် သတင်းထွက်ပေါ်လာခဲ့ခြင်းဖြစ်ပြီး အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် ကြေငြာချက်တွင်တော့ အကောက်ခွန်ကိစ္စများနှင့် လက်ရှိ ရုရှားအပေါ် အရေးယူပိတ်ဆို့ထားမှုတို့အပေါ် မည်သို့ ဆွေးနွေးသည်ကို တိတိကျကျဖော်ပြမထားကြောင်း သိရသည်။

ကူးယူဖော်ပြခွင့်မပြုပါ။
Source: South China Morning Post
Photo: South China Morning Post

Leave a Reply

Your email address will not be published.