လက်လီလုပ်ငန်းကြီးများအားလုံး ဝန်ထမ်းများအား လစာတိုးပေးခြင်း၊ အပိုဆုကြေးပေးခြင်းနှင့် တနာရီလုပ်ခ တိုးမြှင့်သတ်မှတ်ခြင်းများ ပြုလုပ်ခဲ့
အမေရိကန် လျှပ်စစ်ပစ္စည်းလက်လီဆိုင်လုပ်ငန်းကြီး Best Buy အနေဖြင့် ကိုရိုနာ ကပ်ဘေးကာလအတွင်း လစာမဲ့ခွင့်ပေးကာ အလုပ်ရပ်နားထားခဲ့သော ၎င်း၏ ဝန်ထမ်းများအား လုပ်ငန်းခွင်ဝင်ရောက်ခွင့် ပြန်လည် ခွင့်ပြုခဲ့ပြီးနောက် ရောင်းအားတက်လာခဲ့သည်ဟု ကြေညာခဲ့သည်။
အဆိုပါ လက်လီလုပ်ငန်းကြီးမှ အသစ်ထုတ်ပြန်ထားသော အရောင်းနှင့်ပါတ်သက်သည့် စာရင်းများတွင် ဒုတိယ ၃ လပတ်မှ ယခု ဇူလိုင်လ ၁၈ ရက်နေ့အထိ ယမန်နှစ် ကာလတူအခြေအနေထက် ၂.၅% ပိုမိုရောင်းချခဲ့ရသည်ဟု ဆိုသည်။
အင်တာနက်မှ တဆင့် ရောင်းချခြင်းတွင်လည်း ယမန်နှစ်ထက် ရောင်းရနှုန်း ၂၅၅% တိုးတက်လာသည်ဟု ကြေညာခဲ့ပြီး ကွန်ပျူတာများ၊ အိမ်သုံး ပစ္စည်းများ၊ မိုဘိုင်း တက်ဘလက်များကြောင့် ရောင်းအားမြင့်တက်လာခြင်းဖြစ်သည်ဟု ဆိုသည်။
Best Buy ၏ စီအီးအိုဖြစ်သူ ကိုရီ ဘယ်ရီ (Corie Barry) က ဈေးဝယ်သူများ၏ ဝယ်လိုအား တက်လာချိန်တွင် ၎င်းတို့ အရောင်းဆိုင်ဘက်မှလည်း လုံခြုံဘေးကင်းရေးနှင့် အဆင်ပြေစေရေးတို့ကို ပိုမိုအာရုံစိုက် ဝန်ဆောင်မှုပေးခဲ့ခြင်းကြောင့် အရောင်းရလဒ်များ သိသာလာခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
ယခုကဲ့သို့ အရောင်းတိုးတက်လာခြင်းသည် ဖေါက်သည်များနှင့် တိုက်ရိုက်ရင်ဆိုင်ရသော အရောင်းဝန်ထမ်းများမရှိဘဲ လုံးဝမဖြစ်နိုင်ကြောင်းနှင့် ကုန်စည်စီးဆင်းရာ လုပ်ငန်းခွင်တလျှောက်ရှိ ဝန်ထမ်းများ၏ အားစိုက်ထုတ်မှုများလည်း ပါဝင်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ စတော့ဈေးကွက် မဖွင့်မီဈေး၌ Best Buy ၏ ရှယ်ယာတန်ဖိုး ၅% မြင့်တက်ခဲ့သည်။
ကုမ္ပဏီအနေဖြင့် ဝန်ထမ်းများအပေါ် လုပ်ခလစာပေးချေမှုကိုလည်း ပြောင်းလဲခဲ့သည်။
ဝန်ထမ်းများအပေါ် ပြန်လည်သိတတ်မှု အနေဖြင့် ကုမ္ပဏီက နာရီပိုင်းဖြင့် အလုပ်လုပ်သော ဝန်ထမ်းများအား လစာငွေ ၄% တိုးပေးမည်ဖြစ်ပြီး အနည်းဆုံး သတ်မှတ်ထားသော လစာသည် ၁ နာရီ လျှင် ၁၅ ဒေါ်လာမှ စတင်မည်ဟု သိရသည်။
သို့သော်လည်း ယခုကဲ့သို့ မူဝါဒ အပြောင်းအလဲကြောင့် လစာတိုးမြှင့်ခံစားရမည့် အလုပ်သမားအရေအတွက်ကို ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူက မဖေါ်ပြခဲ့ချေ။
ယခု ကပ်ဘေးကာလအတွင်း အခြားသော လက်လီလုပ်ငန်းကြီးများတွင်လည်း လစာငွေ တိုးပေးခြင်း၊ အပိုဆုကြေးများပေးခြင်း သို့မဟုတ် အခြေခံလစာနှုန်းထားများ တိုးမြှင့်ပေးခြင်းများ ပြုလုပ်ခဲ့သည်။
အခြားလက်လီကုမ္ပဏီကြီးဖြစ်သော Target သည်လည်း လုပ်အားခကို ၁ နာရီလျှင် ၁၅ ဒေါ်လာ အနည်းဆုံး သတ်မှတ်ခဲ့ပြီး ထိုအပြောင်းအလဲသည် ယခု ဇူလိုင်လ ၅ ရက်နေ့တွင် စတင်အသက်ဝင်ခဲ့သည်။
Target တွင် ဝန်ထမ်းပေါင်း ၃၅၀၀၀၀ ကျော် ရှိရာ ၎င်းတို့ထဲမှ ၂၇၅၀၀၀ ခန့်သည် တိုးမြှင့် လစာငွေများ စတင်ခံစားရမည်ဖြစ်သည်။
Best Buy လက်လီလုပ်ငန်းကြီးတွင် ယခုသီတင်းပတ်အတွင်း မီးဖိုချောင်သုံး ပစ္စည်းများ၊ ကွန်ပျူတာ မော်နီတာများ၊ လက်တော့ပ်များ ဝယ်လိုအား တက်လာခဲ့သည်ဟု ဆိုသည်။
ပြီးခဲ့သော ဧပြီလ လယ်ခန့်က Best Buy အနေဖြင့် ၎င်းတို့ထံ နာရီပိုင်းဖြင့် အလုပ်လုပ်နေသော ဝန်ထမ်းများထဲမှ အယောက် ၅၁၀၀၀ ခန့်ကို လျှော့ချမည်ဟု ကြေညာခဲ့သည်။
ထို့အပြင် အမြဲတမ်းဝန်ထမ်းများထဲမှလည်း ဝန်ထမ်း ဦးရေ၏ ၈၂% အား လစာ လျှော့ချမည်ဟု အသိပေးထားခဲ့သည်။
ကုမ္ပဏီ၏ ဆိုင်ခွဲ ၁၀၀၀ နီးပါးလုံး ဇွန်လ ၂၂ ရက်နေ့တွင် ပြန်လည် ဖွင့်လှစ်ခဲ့သည်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: CNBC Business
Image: Bloomberg, Getty Images, Eddie Seal