UK ရဲ့ အကြီးဆုံး ဘီယာကုမ္ပဏီကြီးတွေဟာ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်အစိုးရအနေနဲ့ ဘီယာဆိုင်တွေ ပြန်ဖွင့်မဲ့ရက်ကို ကြေငြာဖို့ တုံ့နှေးနေမယ်ဆိုရင် နိုင်ငံတစ်ဝှမ်းမှာ ရှိတဲ့ ဘီယာဆိုင်တွေဟာ ထာဝရပိတ်သိမ်းရတော့မဲ့ အခြေအနေဖြစ်နေပြီလို့ ပြင်းပြင်းထန်ထန် သတိပေးလိုက်ပါတယ်။ ဒီသတိပေးချက်ဟာ ဘီယာကုမ္ပဏီပေါင်း ၅၀ကျော် ပါဝင်လက်မှတ်ရေးထိုးထားတဲ့ ဝန်ကြီးချုပ်သို့ အိတ်ဖွင့်ပေးစာမှာ ပါဝင်တာဖြစ်ပြီး အစိုးရရဲ့ ဝေေ၀ဝါးဝါးကြေငြာချက်တွေဟာ ဘီယာဆိုင်တွေအပြင် ဘီယာချက်လုပ်တဲ့ လုပ်ငန်းကြီးတွေအထိ ဘုန်းဘုန်းလဲတော့မဲ့ အခြေအနေဖြစ်နေပြီလို့ အသိပေးထားတာပါ။
ဂင်းနက်စ်လို ကုမ္ပဏီကြီးတွေက စလို့ မိသားစု တစ်နိုင်တစ်ပိုင် ဘီယာချက်တဲ့ လုပ်ငန်းရှင်တွေပါ ပါဝင်လက်မှတ်ရေးထိုးထားတဲ့ ဒီစာထဲမှာ ဝန်ကြီးချုပ်အနေနဲ့ ဒီသောကြာနေ့မှာ တိတိကျကျအဖြေတစ်ခုပေးဖို့နဲ့ လာမဲ့ ဂျူလိုင် ၄ရက်နေ့မှာတော့ တစ်နိုင်ငံလုံးက ဘီယာဆိုင်တွေ ပြန်ဖွင့်ခွင့်ရဖို့ အဆိုပြုတဲ့အကြောင်း ထည့်သွင်းထားပါတယ်။
Carlsberg, Molson Koors, Green King တို့လို နာမည်ကြီး ဘီယာကုမ္ပဏီတွေ ပါဝင်ပေါင်းစည်းထားတဲ့ ဘီယာလုပ်ငန်းရှင်များအဖွဲ့ကတော့ သူတို့ စီးပွားရေးတွေဟာ ဇာတ်မျောနေတာ ကြာပြီဖြစ်ကြောင်းနဲ့ ဘီယာချက်လုပ်ငန်းက ဝန်ထမ်းတွေ၊ ဘီယာဆိုင်တွေ၊ ဘားတွေက ဝန်ထမ်းတွေ အမြောက်အများဟာ ခုဆို အလုပ်လက်မဲ့ ဖြစ်တော့မဲ့ အခြေအနေ ဆိုက်ရောက်နေပြီ ဖြစ်ကြောင်း ပြောကြားသွားပါတယ်။ အစိုးရအနေနဲ့ ဆိုင်တွေပြန်ဖွင့်လို့ရမဲ့ ရက်ကို တိတိကျကျ ထုတ်ပေးဖို့နဲ့ လိုက်နာရမဲ့ စည်မျဉ်းစည်းကမ်းတွေကို သေသေချာချာထုတ်ပေးဖို့လည်း တောင်းဆိုထားပါတယ်။ ဒါမှသာ ဘီယာဆိုင်တွေဟာ ဝန်ထမ်းတွေကို ပြန်ဖွင့်မဲ့ ရက်မတိုင်ခင်မှာ သင်တန်းသေချာပေးနိုင်မှာ ဖြစ်ပါတယ်။
တကယ်တော့ သိပ်မကြာခင်တုန်းက ဗြိတိန်အစိုးရဟာ ဘီယာဆိုင်တွေ၊ ဘီယာခြံတွေကို ဇွန်လ ၂၂ရက်နေ့ ပြန်ဖွင့်ခွင့်ပေးတော့မယ်လို့ သတင်းတွေထွက်ပေါ်လာပြီးမှ နောက်ပိုင်းမှာ လကုန်ပိုင်းထိ ပြန်ပိတ်ထားဦးမယ်ဆိုပြီး ထပ်ကြေငြာခဲ့တာပါ။ ဒါကြောင့် နိုင်ငံတစ်ဝှမ်းက ဘီယာလုပ်ငန်းရှင်တွေ ပူးပေါင်းပြီး အစိုးရကို တိတိကျကျ အဖြေထုတ်ပေးနိုင်အောင် ဖိအားပေးလိုက်တာပဲဖြစ်ပါတယ်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: The Guardian
Photo: The Pub Show