0

နောက်ထပ် ကမ္ဘာ့သက်တမ်းအရှည်ဆုံး လေကြောင်းလိုင်းကြီး ဒေဝါလီခံလိုက်ပြန်

Share

Covid-19 ဒဏ်ကြောင့် နောက်ထပ် လေကြောင်းလိုင်းကြီးတခု ဒေဝါလီခံလိုက်ရပြန်ပါပြီ။

ကိုလံဘီယာလေကြောင်းလိုင်းကြီး Avianca (AVH) သည် ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် Covid-19 ၏ရိုက်ခတ်မှု ဒါဏ်များစွာကြောင့် ဒေဝါလီခံလိုက်ပြီဖြစ်ကြောင်း ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ လေကြောင်းလိုင်းကြီး ဒေဝါလီခံယူသော ဥပဒေသည် Chapter 11 Bankruptcy အောက်တွင်ဖြစ်သည်။ Chapter 11 Bankruptcy သည်လုပ်ငန်းပိုင်ဆိုင်မှုနှင့် ကြွေးမြီများအတွက် လုပ်ငန်းအား ပြန်လည်တည်ဆောက်ဖွဲ့စည်းမည်ဖြစ်သည်။

၁၉၁၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် Avianca သည် ကမ္ဘာ့ဒုတိယ သက်တမ်းအရှည်ဆုံးလေကြောင်းလိုင်းကြီးဖြစ်သည်။ ပြီးခဲ့သည့် နှစ်ကုန်ပိုင်းအထိ ဈေးကွက်ရှယ်ယာအရ ချီလီ၏ LATAM (LTM) လေကြောင်းလိုင်းနှင့် ဘရာဇီး၏ GOL Linhas Aéreas (GOL) လေကြောင်းလိုင်းတို့ပြီးလျှင် လက်တင်အမေရိကား၏ တတိယအကြီးဆုံး လေကြောင်းလိုင်းကြီးဖြစ်သည်။
လေကြောင်းလိုင်းကြီးသည် Star Alliance လုပ်ငန်းစုကြီး၏ တစိတ်တပိုင်းဖြစ်ပြီး ထိုလုပ်ငန်းစုကြီးတွင် အဓိက လေကြောင်းလိုင်းကြီးများဖြစ်သည့် Lufthansa (DLAKY) နှင့် Singapore လေကြောင်းလိုင်းတို့ပါဝင်သည်။

Avianca သည် ကိုရိုးနားဗိုင်းရပ်စ်ကပ်ရောဂါကြောင့် လေယာဉ်ပျံသန်းပြေးဆွဲမှုများ ရပ်နားခံခဲ့ရ၍ လုပ်ငန်းလည်ပတ်နိုင်ခြင်းမရှိတော့ပဲ လေယာဉ်အမှုထမ်းများ၏ လုပ်ခလစာ မပေးနိုင်တော့တာကြောင့် လက်မြှောက်အရှုံးပေးလိုက်ရသည့် အကြီးဆုံးလေကြောင်းလိုင်းကြီးလည်း ဖြစ်သည်။

ပြီးခဲ့သည့်လတွင် အစိုးရမှ ကူညီထောက်ပံ့မှု မပေးစွမ်းနိုင်ခဲ့ခြင်းကြောင့် Virgin Australia ပြိုလဲခဲ့ရသည်။ မတ်လတွင် UK ၏ budget carrier ဖြစ်သည့် Flybe လေကြောင်းလိုင်းသည်လည်း ကပ်ရောဂါကြောင့် စီးပွားပြိုလဲမှုဒဏ် မခံနိုင်တော့တာကြောင့် ပြိုလဲခဲ့ရပြီးဖြစ်သည်။

ကပ်ရောဂါပိုမိုဆိုးရွားလာတာကြောင့် lockdown ချထားခြင်းက လေကြောင်းလိုင်းကြီးများအား ရိုက်ခတ်မှု ပိုမိုပြင်းထန်ခဲ့ကြောင်း၊ လေကြောင်းလိုင်းပျံသန်းနေသည့် ဒေသများ၏ ၈၈% သည် ခရီးသွားခြင်း ပိတ်ပင်ထားသော နေရာဒေသများဖြစ်ကြောင်း ကိုလံဘီယာ လေကြောင်းလိုင်းကြီးက ဆိုသည်။

ဒေဝါလီခံရန် ဆုံးဖြတ်ချက်ချလိုက်ခြင်းသည် လုပ်ငန်းလည်ပတ်မှုအား ကာကွယ်ရန်နှင့် အစွမ်းကုန် ထိန်းထားဖို့အတွက်ဖြစ်ကြောင်း လေကြောင်းလိုင်းကြီးကဆိုသည်။ ဒေဝါလီခံယူမည့်ဥပဒေသဖြစ်သည့် Chapter 11 Bankruptcy တွင် လုပ်ငန်းပိုင်ဆိုင်မှုနှင့် ကြွေးမြီများအတွက် လုပ်ငန်းအား ပြန်လည်တည်ဆောက်ဖွဲ့စည်းမည်ဖြစ်သည်။ လေကြောင်းလိုင်းကြီးက အသစ်ပြန်လည်ဖွဲ့စည်းပြီး အဓိကဈေးကွက် (core market) ကိုပိုမိုအာရုံစိုက်နိုင်ရန်အတွက် ပီရူးရှိ စီးပွားရေးလုပ်ငန်းများကို ပိတ်ပစ်ပြီး လုပ်ငန်းစရိတ်များ လျှော့ချထားမည်ဟု ဆိုသည်။

Avianca တွင် လက်တင်အမေရိကား၌ ဝန်ထမ်း ၂၁၀၀၀ ကျော်ရှိပြီး ကိုလံဘီယာတွင် ဝန်ထမ်းပေါင်း ၁၄၀၀၀ ကျော်ရှိသည်။
“Avianca ဟာ နှစ်ပေါင်း၁၀၀ အတွင်းအဆိုးရွားဆုံးသော ဘေးဒုက္ခနဲ့ ရင်ဆိုင်နေရပါတယ်။ Chapter 11 အောက်မှာ လုပ်ငန်းပြန်လည်ဖွဲ့စည်းခြင်းက ကိုလံဘီယာနှင့် အခြား လက်တင်အမေရိကား ဈေးကွက်တွေကို လေကြောင်းလိုင်း ဝန်ဆောင်မှု ဆက်လက်ပေးနိုင်ဖို့ အကောင်ဆုံးနည်းလမ်းဖြစ်ပါတယ်” ဟု CEO ဖြစ်သည် Anko van der Werff ကဆိုသည်။

လေကြောင်းလိုင်းကြီးသည် ပုံမှန်တရက်လျှင် လေယာဉ် ၇၀၀ ခန့်ပျံသန်းပြေးဆွဲနေရသော်လည်း ယခုနှစ် မတ်လလယ်ကတည်းက လုပ်ငန်းဝင်ငွေ ၈၀%ထိ ထိုးကျခဲ့ပြီး ငွေကြေးဖိအားများစွာ ခံစားခဲ့ရသည်။

ကူးယူဖော်ပြခြင်းခွင့်မပြုပါ။
Source: BBC Business News
Image: Business Traveller USA

%d bloggers like this: