0

အရည်အသွေးပိုင်းပြဿနာအဖြစ် ဩစတေးလျကျောက်မီးသွေးများကိုသတ်မှတ်၍ သင်္ဘောများ တရုတ်ဆိပ်ကမ်း၌သောင်တင်

Share

တရုတ်နိုင်ငံက ဩစတေးလျမှတင်သွင်းလာသော ဒေါ်လာ သန်း ၇၀၀ တန်ဖိုးရှိ ကျောက်မီးသွေးများအား အရည်အသွေးပိုင်းဆိုင်ရာပြဿနာများရှိနေကြောင်း သတ်မှတ်ခဲ့သည်။
ယခုနိုဝင်ဘာလအထိဆိုလျှင် တရုတ်နိုင်ငံ၏အကြီးဆုံး ဆိပ်ကမ်း ၂ ခု၌ သယ်ဆောင်လာသော ကျောက်မီးသွေးများကို သင်္ဘောပေါ်မှ မချနိုင်ဘဲ ရေထဲရပ်တန့်နေရသည့် ဩစတေးလျသင်္ဘောပေါင်း ၆၆ စီး ရှိပြီဖြစ်သည်ဟု ဘလွန်းဘာ့ဂ် သတင်းဌာနက ဆိုသည်။

ထိုသင်္ဘောများထဲမှ အစီးရေ ၅၃ စီးခန့်မှာ တရုတ်ဆိပ်ကမ်းရှိ ရေပြင်ပေါ်၌ နေနေရသည်မှာ လနှင့်ချီ၍ပင် ကြာမြင့်နေခဲ့သည်ဟု သိရသည်။
ဩစတေးလျနိုင်ငံ၊ ကွင်းစ်လန်း (Queensland) ဆိပ်ကမ်းများမှ ကုန်သယ်သင်္ဘောခရီးသည် တရုတ်နိုင်ငံသို့ ရောက်ရှိရန် သီတင်း ၂ ပတ်မှ ၃ ပတ် ကြာမြင့်တတ်ပြီး အဆိုပါ သင်္ဘောများ ထွက်ခွါသွားသည်မှာပင် လများစွာကြာခဲ့ပြီဖြစ်သည်။

ဩစတေးလျမှလာသော သင်္ဘောများသာမကပဲ အခြားနိုင်ငံများမှ ကျောက်မီးသွေးတင်သင်္ဘောများလည်း စောင့်ဆိုင်းနေရပြီး ၈၆% မှာမူ ဩစတေးလျသင်္ဘောများ ဖြစ်ကြသည်။
တရုတ်ဆိပ်ကမ်းကြီးများဖြစ်သော Jingtang, Caofeidian နှင့် Huanghua ဆိပ်ကမ်းများတွင် ယခုကဲ့သို့ ကျောက်မီးသွေးတင်သင်္ဘောများကို ကုန်ချခွင့်မပေးခြင်းမှာ တရုတ်-ဩစတေးလျကုန်သွယ်ရေး အကြပ်အတည်းအကြား နောက်ထပ်ပစ်မှတ် တခုဖြစ်လာမည်ကို စိုးရိမ်နေကြသည်။

သို့သော်လည်း အဆိုပါကိစ္စများနှင့် ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီး ကျောက်လီကျန်း (Zhao Lijian) က အပြစ်တင်မည်ဆိုလျှင် ကျောက်မီးသွေးများ၏ အရည်အသွေးပိုင်းကိုသာ အပြစ်တင်ကြရန် ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ဩစတေးလျမှ ကုန်ပစ္စည်းတင်သွင်းမှုများက တရားဝင်ပိတ်ပင်သည့် ကြေငြာစာများ မထုတ်သေးသော်လည်း ပြီးခဲ့သည့် အောက်တိုဘာလမှစ၍ ၂ နိုင်ငံ ဆက်ဆံရေး တင်းမာလာချိန်တွင် ရုရှားနှင့် မွန်ဂိုလီးယားမှ ကုန်ပစ္စည်းများကို ပိုမိုတင်သွင်းခဲ့သည်။

၂ နိုင်ငံအကြား ကုန်သွယ်ရေးပိုင်း တင်းမာမှုမြင့်မားလာချိန်တွင် တားမြစ်ခံရမည့် ပစ္စည်းအမည်သစ်မှာ ကျောက်မီးသွေးဖြစ်လာနိုင်ဖွယ်ရှိသည်။
၂၀၂၀ ကပ်ဘေးတလျှောက် ဩစတေးလျမှ တင်သွင်းသော ကျောက်မီးသွေး၊ ဝိုင်၊ ဂျုံ၊ ဘာလီ စသည့် ကုန်ပစ္စည်းအမျိုးမျိုးနှင့် တရုတ်နိုင်ငံအကြား ပြဿနာများ ဖြစ်ပွားလာခဲ့သည်။
သို့သော်လည်း တရုတ်ပြည်သူများက ဩစတေးလျမှ တင်သွင်းသော စားသောက်ကုန်ပစ္စည်းများကို အားပေးနေဆဲဖြစ်ပြီး နို့နှင့် နို့ထွက်ကုန်ပစ္စည်းများ၊ နို့မှုန့်များ၊ ဝိုင်များမှာ တရုတ်ပြည်သူများအကြား ရေပန်းအစားဆုံး ကုန်စည်များဖြစ်ကြသည်။

အဆိုပါ ကိစ္စရပ်များနှင့်ပတ်သက်၍ တရုတ်သံရုံးနှင့် ဩစတေးလျ ဒြပ်သတ္ထုကောင်စီမှ တစုံတရာ တုံ့ပြန်ပြောဆိုခြင်းများ မရှိသေးချေ။
၂၀၂၀ အတွင်း အဆိုပါ ကုန်သွယ်ရေးပြဿနာများမဖြစ်ပွားမီက တရုတ်နှင့် ဩစတေးလျတို့သည် အကြီးဆုံးကုန်သွယ်ဖက်များ ဖြစ်ခဲ့ပြီး ၂၀၀၈ ကမ္ဘာ့ဘဏ္ဍာရေးပျက်ကပ်တွင်လည်း တရုတ်၏ ဝယ်လိုအားများကြောင့် ဩစတေးလျသည် နိုင်ငံကြီးများထဲတွင် စီးပွားရေးကျဆင်းမှုကို ခုခံနိုင်သော ၁ ခုတည်းသော နိုင်ငံဖြစ်ခဲ့သည်။

တရုတ်နိုင်ငံက ယခုအချိန်တွင် ဩစတေးလျ၏ ကျောက်မီးသွေးတင်သွင်းမှုကို လျှော့ချခဲ့သော်လည်း အောက်တိုဘာလအထိ ဩစတေးလျထံမှ ကျောက်မီးသွေး တန်ချိန် ၁.၅၃ သန်း ရှိခဲ့ပြီဖြစ်ကာ ဩစတေးလျသည် တရုတ်၏ အကြီးဆုံး ကျောက်မီးသွေးရောင်းချသူအဖြစ်ဆက်လက်ရပ်တည်နေဆဲဖြစ်သည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: ABC Australia, The Guardian, Splash247, Bangkok Post
Image: AAP Image: Dave Hunt – File Photo

%d bloggers like this: