Apple နည်းပညာကုမ္ပဏီ၏ ထုတ်ကုန်များထဲတွင် iPhone ဝယ်လိုအားမှာ ဆက်လက်ရှိနေသေးသော်လည်း ကုမ္ပဏီ ၁ ခုလုံး၏ အရောင်းကို ကြည့်လျှင် ယခင်နှစ်ကထက် ၃% လျော့ကျခဲ့သည်ဟု ကုမ္ပဏီက ကြေညာခဲ့သည်။
ယခုနှစ် ပထမ ၃ လပတ် ကာလ အရောင်းမှာ ယခင် ၂၀၂၂ ကာလတူ အခြေအနေထက် လျော့ကျခဲ့ပြီး ဝင်ငွေမှာ ဒေါ်လာ ၉၄.၈ ဘီလျံ ရှိခဲ့သည်။
Apple သည် ကမ္ဘာပေါ်ရှိ တန်ဖိုးအရှိဆုံးကုမ္ပဏီ ကြီးများထဲတွင် အပါအဝင်ဖြစ်ပြီး ၎င်း၏ အရောင်းအခြေအနေကို လက်လီကဏ္ဍ၏ အညွှန်းကိန်း ၁ ခု အဖြစ် အများက စောင့်ကြည့်နေကြသည်။
ကုမ္ပဏီသည် ပြီးခဲ့သည့် ဇန်နဝါရီ – မတ်လ ကာလတွင် ယခင်နှစ်ကထက် အရောင်း ၅% အထိ လျော့ကျနိုင်ကြောင်း ရင်းနှီးမြှုပ်နှံသူများကို သတိပေးခဲ့ဖူးသည်။
ကမ္ဘာ့စီးပွားရေးကျဆင်းနေမှုက ကုမ္ပဏီ၏ အရောင်းပိုင်းကို အဓိက ထိခိုက်စေခြင်းဖြစ်ပြီး အပေါင်းလက္ခဏာအဖြစ် အာရှနှင့် လက်တင်အမေရိကတို့တွင် Apple ပစ္စည်းဝယ်လိုအားမှာ အားကောင်းနေခြင်းကြောင့် iPhone ကို ဒေါ်လာ ၅၁.၃ ဘီလျံ အထိ ပထမ ၃ လပတ် (Q1) တွင် စံချိန်တင် ရောင်းချနိုင်ခဲ့သည်ဟု ကုမ္ပဏီက ဆိုသည်။
Apple ၏ ကုန်ပစ္စည်းမဟုတ်ဘဲ ဝန်ဆောင်မှုပိုင်းဆိုင်ရာများဖြစ်သော Apple Music, Apple News, Apple Pay စသည့် ကဏ္ဍတို့တွင်မူ နှစ်စဉ် အရောင်းပိုင်း တိုးတက်မှု ၅% ခန့်ရှိနေပြီး ဝင်ငွေအားဖြင့် ဒေါ်လာ ၂၀ ဘီလျံ ကျော် အထိ ရှိသည်ဟု သိရသည်။
ကုမ္ပဏီ၏ အမှုဆောင်ချုပ်ဖြစ်သူ တင်ကွတ် (Tim Cook) က iPhone စံချိန်တင် ရောင်းချရမှုများအတွက် ကျေးဇူးတင်စကား ပြောခဲ့ပြီး အထူးသဖြင့် ဘရာဇီး၊ အိန္ဒိယနှင့် မက္ကစီကို ၃ နိုင်ငံမှာ အလွန်အားကောင်းသော ဖွံ့ဖြိုးလာနေသည့် ဈေးကွက်များဖြစ်သည်ဟု ပြောကြားခဲ့သည်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: BBC Business, Sky News, Variety, The Information
Image: South Wales Guardian