0

သြစတြေးလျရေကြောင်းအာဏာပိုင်မှ APL England သင်္ဘောကပ္ပတိန်ကို တရားစွဲဆို

Share

     သြစတြေးလျရေကြောင်းအာဏာပိုင်အဖွဲ့ AMSA (Australian Maritime Safety Authority) မှ APL England သင်္ဘောရဲ့ ကပ္ပတိန်ကို ကွန်တိန်နာထားသိုပုံ ညံ့ဖျင်းခြင်းကြောင့် ပြင်းထန်တဲ့ ရာသီဥတုအတွင်း သြစတြေးလျရေပိုင်နက်ထဲကို ကွန်တိန်နာတွေ ပြုတ်ကျခဲ့ရတဲ့အတွက် ပင်လယ်ပြင်ညစ်ညမ်းစေမှုနဲ့ တရားစွဲခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့၂၄ရက်နေ့ မနက်၆နာရီခန့်မှာ စင်္ကာပူအလံတင်သင်္ဘော APL England ဟာ သြစတြေးလျနိုင်ငံ မဲလဘုန်းမြို့ကနေ တရုတ်နိုင်ငံကို ထွက်ခွာတဲ့လမ်းမှာ ပြင်းထန်တဲ့ရာသီဥတုနဲ့ ကြုံခဲ့ရပြီး သင်္ဘောပေါ်မှ ကွန်တိန်နာ ၄၃လုံးဟာ သြစတြေးလျရေပိုင်နက်ထဲကို ပြုတ်ကျခဲ့ရတာပဲဖြစ်ပါတယ်။ ဒါ့အပြင် ပြုတ်မကျဘဲ ကျန်ခဲ့တဲ့ ကွန်တိန်နာ ၇၄လုံးဟာလည်း သုံးမရအောင် ပျက်စီးသွားခဲ့ပါတယ်။ ၁၀နာရီ ၄၅မိနစ်မှာတော့ သြစတြေးလျရေကြောင်းအာဏာပိုင်မှအဖွဲ့ဟာ ဒီသတင်းကို ရရှိခဲ့ပြီး အခုတော့ APL England သင်္ဘောဟာ သြစတြေးလျနိုင်ငံ ဘရစ်စဘိန်းမြို့က ဆိပ်ကမ်းမှာ တားမြစ်ခံထားရတာပဲဖြစ်ပါတယ်။
     ဒါကြောင့် ပြီးခဲ့တဲ့ ၂၉ရက်နေ့မှာတော့ သြစတြေးလျရေကြောင်းအာဏာပိုင်အဖွဲ့ရဲ့ ညွှန်ကြားရေးမှူးဖြစ်သူ Allan Schwartz က သင်္ဘောရဲ့ကပ္ပတိန်ကို ပင်လယ်ပြင်ထိန်းသိမ်းကာကွယ်ရေးဥပဒေအရ တရားစွဲခဲ့တာပဲဖြစ်ပါတယ်။ သတင်းစာရှင်လင်းပွဲမှာတော့ Mr. Schwartz က ဒီဖြစ်ရပ်ဟာ သင်္ဘောကပ္ပတိန်တွေအနေနဲ့ သင်္ဘောမထွက်ခွာမီ ကွန်တိန်နာတွေ သေသေချာချာ စီထပ်ထားခြင်းရှိမရှိ အထပ်ထပ်စစ်ဆေးသင့်တယ်ဆိုတာကို နမူနာပြလိုက်တာပဲဖြစ်တယ်လို့ သူကဆိုပါတယ်။ နောက်ပြီး ကပ္ပတိန်ဟာ ဒီလိုတရားရင်ဆိုင်ရမှာဖြစ်ပေမဲ့ သင်္ဘောလိုင်းပိုင်ရှင်ဖြစ်တဲ့ APL Singapore, အာမခံကုမ္ပဏီဖြစ်တဲ့ Steamship Mutual နဲ့ Cargo Operator ဖြစ်တဲ့ ANL တို့ဟာလည်း သူတို့နဲ့ ထိုက်တန်တဲ့ တာဝန်ယူမှုတွေကို လုပ်ဆောင်ပေးရမှာလို့ ပြောပါသေးတယ်။


     သင်္ဘောလိုင်းပိုင်ရှင်ဖြစ်တဲ့ APL Singapore ကတော့ ဒဏ်ကြေးအနေနဲ့ ဒေါ်လာ ၂၂သန်းကို ပေးဆောင်ရမှာဖြစ်ပြီး ဒဏ်ကြေးပေးပြီးမှ ဆိပ်ကမ်းမှာ ထိန်းသိမ်းခံထားရတဲ့ သင်္ဘောကို ပြန်လည်ထုတ်ယူခွင့်ရမှာဖြစ်ပါတယ်။ သြစတြေးလျရေကြောင်းအာဏာပိုင်ကတော့ ဒီဒဏ်ကြေး ၂၂သန်းဟာ သင်္ဘောပေါ်က ကျသွားတဲ့ ကွန်တိန်နာ အပျက်အစီးတွေရယ်၊ အထဲကပါတဲ့ ပစ္စည်းတွေရယ် ကမ်းခြေမှာလာတင်တာကို ရှင်းလင်းဖို့အတွက် ကုန်ကျစရိတ်တွေဖြစ်တယ်လို့ ဆိုပါတယ်။ Cargo Operator ဖြစ်တဲ့ ANL ကတော့ သင်္ဘောပေါ်က အရာရှိတွေနဲ့ သင်္ဘောသားတွေဟာ သူတို့တာဝန်ကို အကောင်းဆုံးကျေပွန်ခဲ့တဲ့ အတွက် ထောက်ခံမှုအပြည့်ပေးသွားမယ်လို့ ပြောသွားပါတယ်။ ဘာလို့လဲဆိုတော့ သင်္ဘောဟာ လှိုင်းလေကြမ်းတဲ့အချိန် စက်ရပ်သွားတုန်း ဒီဖြစ်ရပ်ဖြစ်သွားခဲ့တာဖြစ်လို့ပါ။ ဒါပေမဲ့ သင်္ဘောသားတွေဟာ ၁၀မိနစ်အတွင်း စက်ပြန်နိုးအောင် ကြိုးစားနိုင်ခဲ့တဲ့အတွက် သင်္ဘောမတိမ်းမှောက်ဘဲနဲ့ ကျန်တဲ့ကွန်တိန်နာတွေကို အကောင်းပကတိ ထိန်းသိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ ခုလက်ရှိ ဒီသင်္ဘောပေါ်မှာ မြန်မာသင်္ဘောသားတွေ တာဝန်ထမ်းဆောင်လျက်ရှိပြီး ကပ္ပတိန်ကတော့ မြန်မာမဟုတ်ဘူးလို့ သိရပါတယ်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: Marine Insight
Photo: ABC News, AAP/ Darren Pateman

%d bloggers like this: