ဂျက်မားပိုင် Ant Group ဒေါ်လာ ၁ ဘီလျံ ဒဏ်ရိုက်ခံရ

Share

တရုတ်အစိုးရ ဘဏ္ဍာရေးကြီးကြပ်သူ ထိပ်သီးအရာရှိများက ဘဏ္ဍာရေးလုပ်ငန်း ၁ ခုဖြစ်သော Ant Group ကို သုံးစွဲသူကာကွယ်ရေးပိုင်း၊ လုပ်ငန်းအုပ်ချုပ်ပုံပိုင်း စည်းမျဉ်းများ ချိုးဖေါက်သည်ဟုဆိုကာ ယွမ် ၇.၁ ဘီလျံ (ဒေါ်လာ ၉၉၄ သန်း ခန့်) ပေးဆောင်ရန် ဒဏ်တပ်ခဲ့သည်။

China Securities Regulatory Commission ၊ တရုတ်ပြည်သူ့ဘဏ် (People’s Bank of China) နှင့် တရုတ်အမျိုးသား ဘဏ္ဍာရေးကြီးကြပ်ရေးအဖွဲ့တို့က ပူးပေါင်းထုတ်ပြန်ချက်တွင် Ant Group သည် ဘဏ်လုပ်ငန်း၊ အာမခံ၊ ငွေပေးချေမှုများ၊ ငွေကြေးခဝါချမှုများ၊ Funds ငွေရောင်းချမှုများ စသည်တို့တွင် စည်းမျဉ်းများ ချိုးဖေါက်ခဲ့သည်ဟုဆိုသည်။

Ant Group သည် တရုတ်သူဌေး ဂျက်မားပင် တည်ထောင်ထားသည့် အွန်လိုင်းဈေးဝယ်ရောင်းလုပ်ငန်း Alibaba ၏ လက်တွဲဖေါ်ကုမ္ပဏီလည်း ဖြစ်သည်။
မကြာသေးမီ နှစ်အနည်းငယ်တွင် တရုတ်အစိုးရသည် တရုတ်နည်းပညာကုမ္ပဏီကြီးများကို တင်းကြပ်သော စည်းမျဉ်းများ ချမှတ်ခြင်း၊ ဒဏ်ကြေးများ ကောက်ခံခြင်းများ ပြုလုပ်ခဲ့ပြီး တရုတ်နည်းပညာလုပ်ငန်းကြီးများဖြစ်သည့် Tencent, ByteDance စသည်တို့လည်း ပါဝင်ခဲ့သည်။

နည်းပညာကုမ္ပဏီများကို ဖိနှိပ်သော Tech Crackdown လုပ်ငန်းစဉ်အား ဆောင်ရွက်နေသကဲ့သို့ တရုတ်၏ အကြီးဆုံးလုပ်ငန်းကြီးများကို အစိုးရက စစ်ဆေးလာခဲ့သည်။
၂၀၂၁ ခုနှစ်တွင် ဂျက်မား၏ Alibaba လုပ်ငန်းအား လက်ဝါးကြီးအုပ်စီးပွားရေးတိုက်ဖျက်မှု ခေါင်းစဉ်ဖြင့် ဒဏ်ငွေ ဒေါ်လာ ၂.၈ ဘီလျံ ချမှတ်ခဲ့သည်။

ဘဏ္ဍာရေးစည်းမျဉ်းများ တင်းကြပ်မှုခံရသော တရုတ်ကုမ္ပဏီကြီး အနည်းဆုံး ၁၃ ခု ပါဝင်ခဲ့ပြီး ထိုအထဲတွင် Tencent, JD . com, ByteDance, Meituan, Didi, Baidu စသည်တို့လည်း ပါဝင်ခဲ့သည်။
နိုင်ငံတကာစီးပွားရေးမီဒီယာများက တရုတ်အစိုးရ၏ စစ်ဆေးတင်းကြပ်မှု လုပ်ငန်းစဉ်အား Ant Group အား ဒဏ်တပ်ခြင်းဖြင့် အပြီးသတ်လိုက်ဖွယ်ရှိသည်ဟုလည်း ရေးသားလျက်ရှိသည်။

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: Reuters Business, CNN News, The China Project, China Briefing, The Economist
Image: Asia Times

%d bloggers like this: