0

ဘားများရှိလူငယ်အုပ်စုများကြောင့် ပြည်နယ်စီးပွားရေးများပြန်လည်ဖွင့်လှစ်ရန် အန္တရာယ်အတားအဆီးဖြစ်နေ

Share

အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ်အုပ်ချုပ်ရေးမှူး အန်ဒရူး ကူမို (Andrew Cuomo) က နယူးယောက်ပြည်နယ်အတွင်းရှိ ဘားများ၊ စားသောက်ဆိုင်များတွင် လူငယ်များစွာ အစုအဝေးလိုက် ရောက်ရှိနေခြင်းက ပြည်နယ်အတွင်း စီးပွားရေးလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ပေးထားမှုကို အန္တရာယ်သဖွယ်ဖြစ်နေကြောင်းနှင့် အခန့်မသင့်ပါက လုပ်ငန်းများ ပြန်လည် ပိတ်လာရနိုင်ကြောင်း တနင်္လာနေ့က သတိပေးပြောကြားခဲ့သည်။

အထူးသဖြင့် နယူးယောက်မြို့တော်အတွင်းတွင် လူစုလူဝေးများ များပြားလာမှုနှင့် မျက်နှာဖုံးအကာအကွယ်မတပ်ဆင်ခြင်းကဲ့သို့သော ကိစ္စရပ်များပိုများလာသည်ဟူသော သတင်းပို့ချက်များ ပြီးခဲ့သည့် ရုံးပိတ်ရက်အတွင်း လက်ခံရရှိခဲ့သည်ဟု ဆိုသည်။

ထိုကဲ့သို့ လူအများပြုမူလာကြခြင်းမှာ ပြည်နယ်အုပ်ချုပ်ရေးမှူးက စည်းကမ်းမလိုက်နာသော ဘားများနှင့် စားသောက်ဆိုင်များအား အင်အားသုံး တားဆီးသွားမည်ဟူသော သတင်းထုတ်ပြန်အပြီးတွင်ဖြစ်သည်။

အန်ဒရူး ကူမို က “ကျွန်တော်တို့ အနေနဲ့ကတော့ ဒီလိုမျိုး ဘားတွေ၊ စားသောက်ဆိုင်တွေအနေနဲ့ လူစုလူဝေးလုပ်နေတာတွေကို မတားဆီးဘူးဆိုရင် အဲ့ဒီ့လုပ်ငန်းတွေကို ပြန်ပိတ်ခိုင်းသွားမှာပါ” ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ကူမိုက ဆက်လက်၍ အချို့သော နေရာများတွင် လူ ၇၀၀ ခန့်ပင် တစုတဝေးတည်း သောက်စားနေမှုများ တွေ့ရှိရပြီး ပြည်နယ်အတွင်း ချမှတ်ထားသော စည်းမျဉ်းများကို ချိုးဖေါက်နေကြသည်ဟု ဆိုသည်။

သူက ဘားများနှင့် စားသောက်ဆိုင်များသည် တကယ့် ပြဿနာများဟု ပြောကြားခဲ့ပြီး ၎င်းတို့သည် ဘားဖြစ်ရုံ၊ စားသောက်ဆိုင်ဖြစ်ရုံမျှ မကတော့ ဟု ပြောဆိုခဲ့သည်။

စားသောက်ဆိုင်များနှင့် ပါတ်သက်၍ ဥပဒေသစ်တစ်ခုကို ကြာသပတေးနေ့က ထုတ်ပြန်ခဲ့ပြီး ပြည်နယ်မှ ချမှတ်ထားသော လူအများ ခွာနေရမည့် စည်းမျဉ်းများရှိသည့်အနက် ၃ ကြိမ် စည်းကမ်းဖေါက်သော စားသောက်ဆိုင်အနေဖြင့် ပိတ်ပင်ခံရမည်ဖြစ်ကြောင်း ပါရှိခဲ့သည်။

သို့သော်လည်း ဒေသတွင်းရှိ ရဲများနှင့် အစိုးရအဖွဲ့များသည်လည်း အလုပ်မလုပ်ကြကြောင်းနှင့် လူအများ Social Distancing Policies (ခွာနေရမည့် စည်းကမ်းများ) မလိုက်နာပါကလည်း မဆိုင်သလိုပင် နေကြကြောင်း ကူမိုက ပြစ်တင်ဝေဖန်ခဲ့သည်။

နယူးယောက်မြို့တော်သည် စီးပွားရေးလုပ်ငန်းများ ပြန်လည် လုပ်ကိုင်စေသည့် အဆင့် ၄ သို့ ပင်ရောက်ရှိလာပြီဖြစ်သည်။

ထိုအဆင့် ၄ တွင် ပါဝင်သော လုပ်ငန်းများမှာ တိရိစ္ဆာန်ရုံများ၊ ပြင်ပရုပ်ရှင် ရိုက်ကွင်းများနှင့် ဥယျာဉ်များ ပါဝင်လာကြပြီဖြစ်သည်။

Andrew Cuomo က “ကျွန်တော် တလျှောက်လုံးလည်း တခြား ပြည်နယ်က အုပ်ချုပ်ရေးမှူးတွေရော၊ မြို့တော်ဝန်တွေကို ရော ပြောလာတာပဲ။ စမ်းသပ်တာတွေလုပ်ဖို့။ သူတို့ ခုထိ စမ်းသပ်ဖို့တွေ မလုပ်ကြဘူး။ ထိတွေ့သူတွေ ၊ နောက်ကြောင်းရာဇဝင်တွေလိုက်တာမျိုးတွေ မလုပ်ကြဘူး။ ခုထိ တကိုယ်ရေးသုံး ကာကွယ်ရေးဝတ်စုံ PPE တွေတောင် မရှိကြဘူး။ ဘယ်လိုဖြစ်နေလည်းဆိုတော့ ကျွန်တော်တို့က ကိုဗစ် စစဦးဆုံးဖြစ်တဲ့ နေ့တုန်းကလိုမျိုးပဲဖြစ်နေတယ်” ဟု ပြောကြားခဲ့သည်။

အမေရိကန် ပြည်ထောင်စုတွင် ကိုဗစ် ကူးစက်သူ ၃.၈၃ သန်း ရှိပြီဖြစ်ပြီး သက်သာလာသူဦးရေမှာ ၁.၁၂ သန်း ရှိကာ သေဆုံးသူ ၁၄၃၀၀၀ ကျော်လာပြီဖြစ်သည်။

အမေရိကန်ပြည်ထောင်စုတွင် ဇူလိုင်လ ၁၆ ရက်နေ့က စံချိန်တင် ၁ ရက်အတွင်း ကူးစက်သူဦးရေ အသစ် ၇၇၀၀၀ ရှိခဲ့သည်။

 

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: CNBC Business, Daily Motion, The Sun UK

Image: USA Today

 

%d bloggers like this: