အွန်လိုင်းလုပ်ငန်းကြီး Amazon သည် မူလက ၎င်း၏ ရုံးပိုင်းဆိုင်ရာ ဝန်ထမ်းများအား ယခုနှစ် စက်တင်ဘာ ၇ ရက်ထိသာ အိမ်မှနေ၍ အလုပ်လုပ်ရန် ညွှန်ကြားထားသော်လည်း ယင်းအစီအစဉ်အား ၂၀၂၂ ဇန်နဝါရီ ၃ ရက်နေ့အထိ အချိန်တိုးမြှင့်လိုက်သည်။
အမေရိကန်ပြည်ထောင်စုအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများသည် သာမန်နေ့စဉ်ကူးစက်မှုအရေအတွက်ထက် များပြားလာခဲ့သည်။
အမေရိကန် ဘဏ္ဍာရေးအဖွဲ့အစည်း ၂ ခုဖြစ်သော Wells Fargo နှင့် Blackrock တို့သည်လည်း ၎င်းတို့၏ ရုံးပြန်လည်တက်ရမည့်ရက်များကို နောက်ဆုတ်ထားသည်ဟု ကြေညာခဲ့သည်။
Amazon သည် ကိုဗစ်-၁၉ နှင့်သက်ဆိုင်သော အခြေအနေများကို အထူးစောင့်ကြည့်နေပြီး ညွှန်ကြားချက်အသစ်အနေဖြင့် ကော်ပိုရိတ်အဆင့် ဝန်ထမ်းများအား ထပ်မံညှိနှိုင်းကွပ်ကဲခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
လက်ရှိတွင် ကော်ပိုရိတ်အဆင့် ဝန်ထမ်းများ၊ နည်းပညာပိုင်းဆိုင်ရာဝန်ထမ်းများကို အိမ်မှနေ၍ အလုပ်လုပ်စေနေပြီး အင်အားလျှော့၍ မရသည့် ကုန်စည်သိုလှောင်ရေးရုံများနှင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာဝန်ထမ်းများကိုသာ မဖြစ်မနေ အလုပ်ဆင်းစေလျက်ရှိသည်။
အခြားသတင်းများအရ အမေရိကန်ပြည်ထောင်စုတွင် ဝန်ထမ်းအရေအတွက်အများဆုံး ဖြစ်သော ဘဏ်လုပ်ငန်းကြီး Wells Fargo သည် ရုံးပြန်တက်ရမည့်နေ့ကို အောက်တိုဘာ ၄ ရက်သို့ ပြောင်းရွှေ့ခဲ့သည်။
ဝန်ထမ်း ၂၆၀,၀၀၀ ခန့် ရှိသော Wells Fargo သည် ကာကွယ်ဆေးထိုးရန်အတွက် ဝန်ထမ်းများကို ၈ နာရီကြာ အထိ အချိန်ပေးထားပြီး ထိုအချိန်များအတွက်လည်း လစာ ပေးသွားမည်ဟု သိရသည်။
ငွေကြေးရင်းနှီးမြှုပ်နှံခြင်းနယ်ပယ်တွင် လုပ်ငန်းကြီးဖြစ်သော BlackRock ကော်ပိုရေးရှင်းသည်လည်း ရုံးပြန်လည်တက်ရမည့်နေ့ကို အောက်တိုဘာ ၁ ရက်နေ့အထိ ပြောင်းရွှေ့သတ်မှတ်ခဲ့သည်။
COVID-19 ဗီဇမျိုးစိတ်သစ် ဒယ်တာသည် အမေရိကန်အပါအဝင် နိုင်ငံကြီးများစွာကို ပြန်လည်ခြိမ်းခြောက်နေသည်။
Walmart နှင့် Uber ကုမ္ပဏီတို့သည် ၎င်းတို့၏ စီမံခန့်ခွဲရေးပိုင်းရှိဝန်ထမ်းများကို ကာကွယ်ဆေးထိုးကြရန် တောင်းဆိုထားသည်။
အခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကြီး တခုဖြစ်သည့် Vanguard သည် ကာကွယ်ဆေးထိုးမည့် ဝန်ထမ်းတိုင်းကို ဒေါ်လာ ၁,၀၀၀ စီ ပေးသွားမည်ဟု ကြေညာခဲ့သည်။
ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: BBC Business, BlackRock, Wells Fargo
Image: CNET