ပြီးခဲ့သည့် သောကြာနေ့တွင် အမေရိကန်၊ အီလီနွိုက်ပြည်နယ်၌ လေဆင်နှာမောင်း တိုက်ခတ်မှု ဖြစ်ပွားခဲ့ပြီး Amazon ၏ သိုလှောင်ရုံ ခေါင်မိုး ပြိုကျမှုဖြစ်ပွားခဲ့ရာ အလုပ်သမား ၆ ဦး အသက်ဆုံးရှုံးခဲ့ရသည်။
Amazon ၏ ထုတ်ပြန်ချက်တွင် ၎င်းတို့၏ သိုလှောင်ရုံ ဝန်ထမ်းများသည် လေဆင်နှာမောင်း လာနေသည်ကို သိရှိသည်နှင့် အရေးပေါ် တုံပြန်ရေး စီမံချက်များကို လျှင်လျှင်မြန်မြန်ဆောင်ရွက်ခဲ့သည်ဟု ဆိုသော်လည်း လက်တွေ့တွင် ထိုသို့ မဟုတ်ကြောင်း သေဆုံးသူများ၏ မိသားစုများက ဆိုသည်။
သေဆုံးသူများထဲတွင် အသက် (၂၉) နှစ်အရွယ်ရှိ ကလေတန်ကုပ် လည်းပါဝင်ခဲ့ပြီး သူ၏ မိသားစုဝင်များ ပြောကြားချက်အရ Amazon သိုလှောင်ရုံသို့ လေဆင်နှာမောင်း ဝင်မဆောင့်မီ မိနစ်ပိုင်းအလိုတွင် ကလေတန်နှင့် ဖုန်းပြောခဲ့ရသေးသည်ဟု သိရသည်။
ကလေတန်၏ မိခင်က သိုလှောင်ရုံသည် လေဆင်နှာမောင်း လမ်းကြောင်းတည့်တည့်တွင် ကျနေ၍ ပုန်းခိုသည့် နေရာသို့ ချက်ခြင်းသွားရန် သားဖြစ်သူကို လှမ်းသတိပေးခဲ့ခြင်းဖြစ်ပြီး ကလေတန်က ဖုန်းထဲ၌ ပုန်းခိုသည့် နေရာသို့ မသွားမီ ကျန်ဝန်ထမ်းများကို လိုက်အသိပေးလိုက်ဦးမည်ဟု ပြောကြားခဲ့သည်ဟု ဆိုသည်။
အဆိုပါ ကလေတန်၏ မိခင်ပြောကြားချက်များအပေါ် မူတည်၍ Amazon သည် ဘေးအန္တရာယ်ကာကွယ်ရေး ပေါ်လစီ၌ အရေးပေါ်အခြေအနေတွင် ဝန်ထမ်းများကို ပုန်းခိုရာ နေရာသို့ ချက်ခြင်း သွားရမည်ဟု ညွှန်ကြားချက် မထုတ်ပြန်ထားခြင်းလောဟု မေးခွန်းများ ထွက်ပေါ်လာခဲ့သည်။
သည့်အပြင် ထိုနေ့က ရာသီဥတု ဆိုးရွားမည်ဖြစ်ကြောင်း မိုးလေဝသခန့်မှန်းချက်များလည်း ထုတ်ပြန်ထားရှိရာ အဆိုပါ ညနေက သိုလှောင်ရုံတွင် တာဝန်ကျနေသည့် အဆိုင်းကို စောလျှင်စွာ အလုပ်နားပေးရန် Amazon က ရည်ရွယ်ချက်မရှိခဲ့ကြောင်း ဝေဖန်မှုများလည်း ရှိနေသည်။
ဘီဘီစီ၏ ဆက်သွယ်မေးမြန်းချက်ကို Amazonက ပြန်လည်ဖြေကြားထားရာ၌ လေဆင်နှာမောင်း အရေးပေါ်သတိပေးချက်သည် ထိုနေ့ည ၈နာရီ ၁၀မိနစ် ဝန်းကျင်တွင် ရရှိခဲ့ခြင်းဖြစ်ပြီး Amazon သိုလှောင်ရုံသို့ ၈နာရီ ၂၇ မိနစ်တွင် ဝင်ဆောင့်ခဲ့ရာ အလွန်မြန်ဆန်လွန်းသည်ဟု ရေးသားထားသည်။
သည့်အပြင် အတွေ့အကြုံရှိ ဝန်ထမ်းများက ဦးစီး၍ အရေးပေါ် တုံပြန်ရေး စီမံချက်ကို လျှင်လျှင်မြန်မြန်ချမှတ်နိုင်ခဲ့ပြီး ဝန်ထမ်းအတော်များများကို ပုန်းခိုရာ နေရာသို့ ပြောင်းရွေ့ထားနိုင်ခဲ့သည်ဟုလည်း ဖြေကြားထားသည်။
အဆိုပါ သိုလှောင်ရုံတွင် အလုပ်ဝင်သည်မှာ သုံးလခန့်ကြာမြင့်ပြီဖြစ်သည့် အသက် (၂၆)နှစ်အရွယ် အလုပ်သမားတစ်ဦးကတော့ အရေးပေါ် ပုန်းခိုရန် အော်ဟစ်သံများ ကြားရပြီးနောက် အခြား ဝန်ထမ်းများ ခေါ်ဆောင်ရာနောက်သို့ လိုက်သွားခဲ့ရာ ပုန်းခိုရန် သတ်မှတ်ထားသည့် နေရာမှာ ရေချိုးခန်း ဖြစ်နေသည်ဟု ထုတ်ပြောခဲ့သည်။
မကြာမီ သိုလှောင်ရုံထဲသို့ ရထားကြီး တစ်စီး ဝင်တိုးသည့်အလား ပြင်းထန်သည့် အသံများနှင့်အတူ အမိုးပြားများ၊ အပျက်အစီးများသည် လေထဲတွင် ပလူပျံနေပြီး ၎င်းတို့ အုပ်စုမှာ ခေါင်းပင် မဖော်နိုင်ဖြစ်ခဲ့ရကြောင်း ပြောကြားခဲ့ကာ Amazon ၏ ပုန်းခိုရန် နေရာ စီစဉ်ထားရှိမှုအပေါ် ထပ်ဆင့် မေးခွန်းထုတ်စရာ ဖြစ်ခဲ့ရသည်။
Amazon ကတော့ ၎င်းတို့တွင် ခိုင်မာတောင့်တင်းသည့် ပုန်းခိုစရာ နေရာထားရှိထားပြီး ထိုနေရာသို့ သွားရန် အချိန်မမီတော့သည့် ဝန်ထမ်းများအနေဖြင့် ဒုတိယဦးစားပေးဖြစ်သည့် နီးစပ်ရာ ရေချိုးခန်းသို့ ဝင်ရောက် ပုန်းခိုရခြင်းဖြစ်ကြောင်း ဖြေရှင်းချက်ပေးထားသည်။
သို့ရာတွင် သေဆုံးသွားသူ ကလေတန်၏ အစ်မဖြစ်သူ ပြောကြားချက်အရ ကလေတန်နှင့် ဖုန်းပြောနေစဉ်အချိန်တွင် ကလေတန်အပါအဝင် ကျန်ဝန်ထမ်းများသည် အလုပ်လုပ်လျက် ရှိနေသးပြီး ထိုအချိန်၌ လေဆင်နှာမောင်းအတွက် ပထမအကြိမ် သတိပေး ဥသြသံ ဆွဲနေပြီဟု သိရသည်။
ထို့ကြောင့် Amazonသည် ဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ် စီမံချက်များကို ပေါ့ပေါ့တန်တန် ချမှတ်ထားကြောင်း သူမက ဝေဖန်ခဲ့ပြီး ဝန်ထမ်းများ၏ လုံခြုံရေးထက် ၎င်းတို့၏ အမြတ်အစွန်းကိုသာ ကြည့်သည်ဟု Facebook တွင် ရေးသားခဲ့သည်။
အမေရိကန် အလုပ်သမားရေးရာ ဝန်ကြီးဌာနကတော့ Amazon သိုလှောင်ရုံ ပြိုကျမှု ဖြစ်စဉ်အပေါ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားရန် လုပ်ငန်းခွင် လုံခြုံရေးနှင့် ကျန်းမာရေး ဦးစီးဌာနကို ညွှန်ကြားထားပြီဖြစ်ကြောင်း ပြီးခဲ့သည့် တနင်္လာနေ့က ထုတ်ပြန်ခဲ့သည်။
ကူးယူဖော်ပြခွင့်မပြုပါ။
Source: BBC
Photo: PBS