ယူကေတွင် Visa ခရက်ဒစ်ကတ်ကို ပြန်လည် လက်ခံရန် Amazon ယာယီသဘောတူ

Amazon သည် ယမန်နှစ်က Visa အနေဖြင့် ယူကေတွင် အပိုငွေလွှဲခများ တောင်းခံနေခြင်းကို သဘောမကျသဖြင့် ယူကေရှိ Amazon ဝဘ်ဆိုက်များတွင် Visa ခရက်ဒစ်ကတ် အသုံးပြုခွင့်ကို ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။

ထိုစဉ်က ယူကေသည် ဥရောပသမဂ္ဂက နှုတ်ထွက်ပြီးချိန်ဖြစ်သဖြင့် Visa က ယူကေနှင့် ဥရောပသမဂ္ဂ နိုင်ငံများအကြား ငွေလွှဲဝန်ဆောင်ခကို ယခင် ဝ.၃ ရာခိုင်နှုန်းမှ ၁.၅ ရာခိုင်နှုန်းသို့ တိုးမြှင့်ခဲ့ခြင်း ဖြစ်သည်။

Amazon ကမူ ထိုသို့ တိုးမြှင့်လိုက်ခြင်းကြောင့် ၎င်းတို့ထံတွင် ဝယ်ယူသည့် ယူကေမှ ဖောက်သည်များကို ပုံမှန်ဈေးအတိုင်း ရောင်းချနိုင်ခြင်း မရှိတော့သည့် အတွက်ကြောင့် ယူကေရှိ Amazon ဝဘ်ဆိုက်တွင် Visa ခရက်ဒစ်ကတ် အသုံးပြုခြင်းကို လက်ခံတော့မည် မဟုတ်ကြောင်း ကြေငြာခဲ့ခြင်း ဖြစ်သည်။

ယခုအခါတွင် အဆိုပါ ကုမ္ပဏီနှစ်ခုသည် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ကာ သဘောတူညီမှုတစ်ခု ချမှတ်ရန် နီးစပ်နေပြီဖြစ်ပြီး လတ်တလောတွင် ကမ္ဘာတစ်ဝှမ်းရှိ Amazon ဝဘ်ဆိုက်များ၌ Visa ကတ်အသုံးပြုခွင့်ကို ပြန်လည်ခွင့်ပြုထားပြီဖြစ်ကြာင်း Amazon ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယခင်က စင်္ကာပူနှင့် သြစတြေးလျရှိ ဖောက်သည်များသည်လည်း Amazon ၏ ဝဘ်ဆိုက်တွင် Visa ခရက်ဒစ်ကတ်နှင့် ပေးချေပါက အပိုငွေလွှဲဝန်ဆောင်ခ ပေးရလေ့ရှိပြီး ယခုအခါ အဆိုပါ ငွေလွှဲဝန်ဆောင်ခကို ယမန်နေ့ ၁၇ ရက်နေ့မှ စ၍ ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း သိရသည်။

ယူကေအတွက်ကိုမူ Amazon နှင့် Visa တို့သည် အပြီးသတ် သဘောတူညီမှု မရရှိသေးသော်လည်း ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်နေစဉ် အချိန်တွင် Visa ခရက်ဒစ်ကတ်ကို ယခင်အတိုင်း ပြန်လည် အသုံးပြုခွင့်ပေးထားကြောင်း Amazon ကဆိုထားသည်။

လက်ရှိအချိန်တွင် အွန်လိုင်းရှော့ပင်း ဝက်ဆိုက်များ၌ ကြိုသုံးဟု ဆိုရမည့် “ခုဝယ်၊ နောက်မှရှင်း” ဆိုသည့် ပုံစံခေတ်စားလာလျက်ရှိပြီး ၎င်းပုံစံများထဲတွင် Klana, Afterpay, Affirm ဆိုသည့် ကုမ္ပဏီများသည် အားကောင်းလာပြီဖြစ်ရာ ယခင်စနစ်ဟောင်း ကုမ္ပဏီများဖြစ်သည့် Visa, Mastercard နှင့် American Express တို့အဖို့ ပြိုင်ဘက်များ တိုးပွားလာခြင်းဖြစ်သည်။

Amazon အနေဖြင့် ယင်းကဲ့သို့ ငွေပေးချေမှု စနစ်များ တိုးပွားလာခြင်းကို အခွင့်ကောင်းယူကာ Visa ကို ဖိအားပေးခဲ့ခြင်း ဖြစ်ပြီး ၎င်း၏ ကမ္ဘာလုံးဆိုင်ရာ ဈေးကွက် လွှမ်းခြုံနိုင်မှုများကြောင့်လည်း ယမန်နှစ်က ယူကေတွင် Visa ကို ပိတ်ပင်ခဲ့ချိန်၌ Visa အနေဖြင့် အထိနာခဲ့ဖွယ်ရှိသည်။

ကူးယူဖော်ပြခွင့်မပြုပါ။
Source: CNBC, BBC
Photo: BBC

Share