0

အလီဘာဘာက လာမည့် ၅နှစ်အတွင်း တရုတ်ရှိ လူ သန်း ၁ထောင်ကိုဝန်ဆောင်မှုပေးနိုင်ရန်စီစဉ်နေ

Share

အာရှ၏ အကြီးဆုံးကုမ္ပဏီကြီးတစ်ခုဖြစ်သော Alibaba Group Holding က ၎င်း၏ အနာဂတ်ရည်မှန်းချက် အချို့ကို သောကြာနေ့က ထုတ်ပြန်ခဲ့သည်။

ဟန်ကျိုး (Hangzhou) အခြေစိုက် အင်တာနက်ဈေးဝယ်ရောင်းကုမ္ပဏီကြီး အလီဘာဘာသည် ၎င်း၏ ဈေးဝယ်ရောင်း ဖုန်းသုံး ပလက်ဖေါင်း (App) များမှ တဆင့် တရုတ်ပြည်မကြီးအတွင်းရှိ လူပေါင်း ၁ ဘီလျံကျော်ကို ဝန်ဆောင်မှု ပေးနိုင်ရန် ကြိုးစားသွားမည်ဟု ကြေညာခဲ့ခြင်းဖြစ်သည်။

၎င်း၏ ဖေါက်သည်များ၊ App အသုံးပြုသူများစုစုပေါင်း၏ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများ သုံးစွဲမှု ပမာဏသည် ယွမ်ငွေ ၁၀ ထရီလျံ (ကန်ဒေါ်လာ ၁.၄ ထရီလျံ) ကျော် ရှိလာမည်ဟုလည်း အလီဘာဘာ၏ ဥက္ကဌဖြစ်သူ Daniel Zhang Yong က ခန့်မှန်းထားသည်။

ကုမ္ပဏီကြီး၏ ရည်မှန်းချက်များအကြောင်းကို ထုတ်ဖေါ်ရေးသားခဲ့သည့် South China Morning Post သတင်းဌာနသည်လည်း အလီဘာဘာကပင် ပိုင်ဆိုင်ထားခြင်းဖြစ်ရာ ထိုသတင်းလုပ်ငန်းကြီးမှလည်း ကမ္ဘာတဝှမ်းရှိ ပရိသတ် ၂ ဘီလျံပမာဏအတွက် ဝန်ဆောင်မှုများပေးနိုင်ရန် စီစဉ်ထားသည်ဟုသိရသည်။

South China Morning Post အနေဖြင့် အလုပ်အကိုင်အရေအတွက် သန်း ၁၀၀ ခန့်ကို ဖန်တီးပေးနိုင်ရန် စီစဉ်နေသည်ဟု ဆိုရာ များပြားလှသော အလုပ်အကိုင်အရေအတွက်ဖြစ်သောကြောင့် စောင့်ကြည့်လာရမည့် ကိစ္စဖြစ်သည်။

မတ်လ ၃၁ ရက်နေ့က ကုန်ဆုံးခဲ့သော ပြီးခဲ့သည့် ဘဏ္ဍာနှစ် စာရင်းများအရ အလီဘာဘာအနေဖြင့် အသားတင်ဝင်ငွေ ၇၅% တိုးတက်ခဲ့ပြီး ယွမ်ငွေ ၁၄၀ ဘီလျံထိရှိခဲ့သည်။

ကုမ္ပဏီအနေဖြင့် ထိုကဲ့သို့ ၅ နှစ်တာ ရည်မှန်းချက်များကို ချမှတ်ရာတွင် အမျိုးအစားမတူသော လုပ်ငန်းနယ်ပယ်စုံမှ ဝင်ငွေ ဒေါ်လာ ၁ ထရီလျံ ရရှိရန် ဆိုသည့် အချက်လည်း ပါဝင်ခဲ့သည်။

အလီဘာဘာသည် အမေရိကန်ပြည်ထောင်စု စတော့အိတ်ချိန်းများတွင်ရှိသော အနည်းငယ်သော တရုတ်ကုမ္ပဏီများထဲမှ ၁ ခု အပါအဝင်ဖြစ်ပြီး ဒုတိယ စတော့ဈေးကွက်အဖြစ် ဟောင်ကောင် စတော့ အိတ်ချိန်းကိုလည်း ဝင်ရောက်ပြီးဖြစ်သည်။

ယခုအပတ်အတွင်း ကုမ္ပဏီ၏ Market Cap (ဈေးကွက်တန်ဖိုး) သည် ဟောင်ကောင်ဒေါ်လာ ၅.၄၈ ထရီလျံ (ကန်ဒေါ်လာ ၇၀၆.၉ ဘီလျံ) ထိရောက်ရှိလာခဲ့ပြီး ဒေသတွင်း အင်အားကြီး နည်းပညာကုမ္ပဏီကြီး Tencent Holdings ၏ တန်ဖိုး ဟောင်ကောင်ဒေါ်လာ ၅.၂၂ ထရီလျံကို ကျော်လွန်သွားပြီဖြစ်သည်။

ဥက္ကဌ နှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ Zhang က အလီဘာဘာအနေဖြင့် ကိုဗစ်-၁၉ ကိုရင်ဆိုင်ရန် လုပ်ငန်းဆောင်တာအားလုံးကို ဒစ်ဂျစ်တယ်နည်းပညာဖြင့် ကြံ့ကြံ့ခံခဲ့ကြောင်း ပြောကြားခဲ့သည်။

တရုတ်ပြည်၏ စီးပွားရေး ပုံမှန်အခြေအနေပြန်လည်ရောက်ရှိရန် ရည်ရွယ်သည့် အစည်းအဝေးတွင် ဥက္ကဌ Zhang က ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး ဒစ်ဂျစ်တယ်စီးပွားရေးအဖြစ်သို့ တည်ဆောက်နိုင်ရန် ကုမ္ပဏီအနေဖြင့် ကိုယ့်အားကိုယ်ကိုးကာ ဆန်းသစ်တီထွင်မှုများပြုလုပ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ။
Source: South China Morning Post, New York Stock Exchange Data, Hong Kong Stock Exchange, Bloomberg, CNBC Business

Photo: Bloomberg

 

%d bloggers like this: